တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးရှိ စစ်ဘေးရှောင်စခန်း ၂၆ ခုကို စစ်တပ်နှင့် ရဲပူးပေါင်းအဖွဲ့တို့က ဝင်ရောက်စစ်ဆေးမည်ဆို၍ စစ်ဘေးရှောင်များ စိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁ဝ/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၂၆ ခုကို စစ်တပ်နှင့် ရဲတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်စစ်ဆေးမည်ဆို၍ စစ်ဘေးရှောင်များအား နေရပ်ပြန်ခိုင်းမည်ကို ၄င်းတို့စိုးရိမ်နေကြသည်ဟု သိရသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် စစ်ဘေးရှောင်စခန်းတာဝန်ခံများနှင့် ထွေ/အုပ်တာဝန်ရှိသူများတွေ့ဆုံစဉ် စစ်ဘေးရှောင်များအား ဝင်ရောက်စစ်ဆေးမည်ကို အသိပေးခဲ့ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့ပေါ်ရှိ အောင်စေတီစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းမြင့်က နိရဥ္စရာအား ပြောသည်။
“စစ်မယ့်ဟာကို ကြိုတင်လို့တော့ မပြောဘူးတဲ့။ မနက်ဖြန်စစ်မယ်ဆိုရင် ဒီနေ့ညအသိပေးမယ်။ အဲဒီလိုမဟုတ်ရင် ကြိုတင်လုပ်ထားမှာစိုးလို့ဆိုပြီးပြောတယ်။ တချို့စစ်ဘေးရှောင်တွေက နေရပ်ပြန်သွားတာတွေရှိပေမယ့် အဲဒါတွေကို လုံးဝမလျှော့ပေးဘဲနဲ့ တာဝန်ခံတွေက ထုတ်စားနေတာတွေရှိတယ်တဲ့” ဟုပြောသည်။
မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်းစခန်းတာဝန်ခံ ဦးညီပုကလည်း အဆိုပါကိစ္စမှာ ဟုတ်မှန်ကြောင်း ပြောသည်။
မည်သည့်နေ့တွင်ဝင်ရောင်စစ်ဆေးမည်ကိုမသိရသော်လည်း ယင်းသို့စစ်ဆေးပြီးနောက် နေရပ်ပြန်ခိုင်းမည်ကို စိုးရိမ်နေကြသည်ဟုလည်း အောင်စေတီစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းမြင့်က ပြောသည်။
“ကျွန်တော်တို့ကလည်း နေရပ်ပြန်ချင်ပါတယ်။ ဒါပေမယ့် တာဝန်ခံမှု၊ တာဝန်ယူမှုမရှိဘဲ ပြန်ခိုင်းရင် ဘယ်လိုပြန်မလဲ”ဟု ပြောသည်။
မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးစိုးသက်က ၎င်းတို့အနေဖြင့် နေရပ်ပြန်ခိုင်းခြင်းမျိုးမဟုတ်ဘဲ လူဦးရေးစာရင်းကို အတိအကျဖြစ်စေချင်၍သာ ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောသည်။
“သူတို့ကိုအဓိက နေရပ်ပြန်ဖို့ပြောတာမဟုတ်ပါဘူး။ အဓိကက သူတို့စာရင်းတွေက ဖောင်းပွနေလို့လေ။ နေရပ်ပြန်တဲ့လူနဲ့ မပြန်တဲ့လူနဲ့ပေါ့” ဟုပြောသည်။
မြောက်ဦးမြို့နယ်တစ်ခုလုံးတွင်း စစ်ဘေးရှောင်စခန်း ၂၆ ခုရှိပြီး စစ်ဘေးရှောင်ဦးရေ ၁၈,ဝဝဝ ခန့်ရှိကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများ၏ ပြောပြချက်အရ သိရသည်။
----------------------------

ဆက်စပ် သတင်းများ