တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ရှိ စစ်ဘေးရှောင် ၆ သောင်းခန့်၏နေအိမ်များပြိုပျက်နေ၍ ပြန်တည်ဆောက်ပေးရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.3k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၇ / ၂၀၂၂
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် ၆ သောင်းခန့်နေထိုင်သည့် နေအိမ်များပြိုပျက်လာနေသည့်အတွက် အစိုးရနှင့် လူမှုအဖွဲ့အစည်းများက သစ်ဝါးများဖြင့်ခိုင်ခိုင်မာမာတည်ဆောက်ပေးရန်လိုအပ်နေသည်ဟု တိုင်းရင်းသားမျိုးနွယ်စုများ အထောက်အကူပြုကော်မတီ ဒါရိုုက်တာ ဦးရွှေဖော်စိန်က နိရဥ္စရာကိုပြောသည်။
“ယာယီအဆောက်အအုံတွေကို ကိုယ်ထူ၊ ကိုယ်ထတည်ဆောက်ကြတယ်။ ပြန်ပြင်ကြတယ်။ အဲ့လိုဆောက်တဲ့နေရာမှာ သစ်တွေ၊ ဝါးတွေက ရာသီလွန်တဲ့သစ်တွေကိုဝယ်ပြီးဆောက်တဲ့အခါ တစ်နှစ်မပြည့်ဘူး။ ပိုးကျတယ်။ အဲ့လိုဖြစ်သွားတဲ့အခါကျတော့ ဒီစစ်ဘေးရှောင်စခန်းတွေမှာ နွေရာသီရောက်လို့ရှိရင် ရာသီဥတုဒဏ်ကိုခံနိုင်တဲ့ အဆောက်အအုံလိုမျိုး သစ်ဝါးခိုင်ခိုင်မာမာနဲ့ဆောက်ပေးသင့်တယ်။ အဲ့လိုဆောက်လို့မပေးထားတဲ့အတွက် အမိုးအကာမရှိဘဲနဲ့သဘာဝဒဏ်ကိုအလူးအလဲခံနေရတယ်”ဟု ပြောသည်။
ရခိုင်တွင် တိုက်ပွဲများဖြစ်ပွားနေခဲ့သည့်အချိန်တို့တွင် စစ်ဘေးရှောင်များ၏ နေအိမ်အဆောင်များအပါအဝင် စားဝတ်နေရေးတို့ကို အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများက တာဝန်ယူထောက်ပံ့မှုများရှိခဲ့သော်လည်း ၂ဝ၂ဝ နောက်ပိုင်းမှစတင်ကာ ၄င်းတို့၏ထောက်ပံ့ရရှိမှု နည်းပါးလာခဲ့သည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ကျောက်တော်မြို့နယ်မှ ဝါးတောင်စစ်ရှောင်စခန်းတာဝန်ခံ ဦးနိုင်ထွန်းဝင်းက “ခုဆိုရင် စခန်းထဲမှာ အပူပြင်းတော့ ကလေးတွေနေမကောင်းဖြစ်နေကြတယ်။ အိမ်တွေကို ပလတ်စတိပ်နဲ့့ကာထားတော့ ရာသီဥတုဒဏ်လည်း ခံနေရတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အကူညီိပေးမယ့်သူဖြစ်ဖြစ်၊ အလှူရှင်ဖြစ်ဖြစ်ကူညီစေချင်ပါတယ်”ဟုပြောသည်။
စစ်ဘေးရှောင်အရေး တစိုက်မတ်မတ်ကူညီဆောင်ရွက်ပေးခဲ့သည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက စစ်ဘေးရှောင်အတွက် နေအိမ်အဆောင်များအားတည်ဆောက်ပေးရန် အရပ်ဘက်အဖွဲ့များတွင်လည်း ရန်ပုံငွေအခက်အခဲရှိနေပြီး လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကန့်သတ်ချက်များလည်း ရှိနေ၍ ကူညီမပေးနိုင်ခြင်းဖြစ်သည်ဟု နိရ ဉ္စရာကို ပြောသည်။
“CSO အဖွဲ့အစည်းတွေက ရန်ပုံငွေလည်း သိပ်ရှိတာမဟုတ်ဘူး။ အဓိကတော့ သူတို့တွေကိုကူညီနိုင်ဖို့ UN တို့၊ ပြီးတော့ အဆောက်အအုံဌာနပိုင်းကိုကိုင်တဲ့အုပ်စုတွေကိုလည်း ဆောက်လုပ်ခွင့်တွေကို ပြည်နယ်ကောင်စီက ခွင့်ပြုဖို့လိုအပ်တယ်။ ခုက နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကန့်သတ်ချက်တွေကြောင့် သူတို့အနေနဲ့လည်း ရန်ပုံငွေပြတ်တောက်တာမျိုးလည်းရှိတယ်”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီ၏ပြောခွင့်ရသူ ဦးလှသိန်းကိုဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂ဝ၂ဝ အတွင်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင် ၂ သိန်းခန့်အထိရှိခဲ့သည်ဟု သိရသည်။
၂ဝ၂ဝ နောက်ပိုင်းမှစတင်ကာ စစ်ဘေးရှောင်အများအပြားနေရပ်ပြန်သွားခဲ့ကြသော်လည်း ရပ်ရွာအနီး မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများကို အစိုးရက ရှင်းလင်းပေးမှုမရှိခြင်းကြောင့်ဟုဆိုကာ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းခန့်ရှိနေသေးသည်ဟု သိရသည်။
ဓာတ်ပုံ - ရခိုင်ရှိ ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်းတည်ဆောက်ထားသည့် စစ်ဘေးရှောင်တဲအိမ်ငယ်တစ်လုံးအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ