တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တိုက်ပွဲကျဆုံးသွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ဦးနှင့် ဒဏ်ရာရသူ ၁ဦးတို့ မောင်တောဆေးရုံကို ရောက်ရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k

အိမ်စိုးဖြူ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၅/ ၂ဝ၂၂
ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၁ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကာ လက်ရှိတွင် ၎င်းအလောင်းနှစ်လောင်းနှင့် ဒဏ်ရာရရှိသူမှာ မောင်တောဆေးရုံကို ရောက်ရှိလာခဲ့သည်ဟု သတင်းရရှိသည်။
မောင်တောမြို့က တာဝန်သိပြည်သူတစ်ဦးက “ မနေ့က ည ၅ နာရီလောက်က မောင်တော ဆေးရုံကိုရောက်တယ်။ ဒဏ်ရာ ရသူတစ်ဦးကို ဘူးသီးတောင် စစ်ဆေးရုံကို ပို့လိုက်တယ်လို့ သိရတယ်။ သုံးယောက်မှာ အလောင်းက နှစ်လောင်း၊ ဒဏ်ရာရသူက တစ်ဦး။ အသက်က တစ်ယောက်က (၂၉)နှစ်နဲ့ နောက်တစ်ဦးက (၂၆)နှစ်တစ်ဦးပါ။ သေတာပါ။ ရဲတပ်ကြပ်တစ်ယောက် ဒုတပ်ကြပ် တစ်ယောက်လို့သိရတယ်” ဟု ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက မောင်တောမြောက်ပိုင်း ဝေလာတောင်အနီး မိုင်တိုင် ၄၃ နှင့် ၄၄ အနီးတွင် မြန်မာနယ်ခြား စောင့်တပ်ဖွဲ့နှင့် အာဆာတို့ အကြား မိနစ် ၃ဝ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။
၎င်းတိုက်ပွဲမှ လက်နက်ကြီးပစ်သံ၊ သေနတ်ပစ်သံများနှင့် အတူ နှစ်ဖက် အပြန်အလှန် ပစ်ခတ်သံများကို မိနစ် ၃ဝ ခန့် ကြားခဲ့ရသည်ဟု ဝေလာတောင်အနီးနေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။
“ တိုက်ပွဲက မနေ့က မနက်က ဖြစ်တာပါ။ မိနစ် ၃၀ လောက်ဖြစ်ကြတယ်။ နယ်ခြားစောင့်တပ်ဘက်က ဒဏ်ရာရတဲ့သူတွေကိုတော့ မှန်လုံကားနဲ့ မောင်တောကို ယူသွားတယ်လို့ကြားတယ်။ တပ်ကြပ်ကြီး တစ်ယောက်နဲ့ တပ်သားတစ်ယောက်လို့ကြားတယ်။ အာဆာနဲ့ဖြစ်တယ်ပြောတာပဲ။ အာဆာဘက်ကလည်း အများအပြားကျတယ်လို့ သိရပါတယ် ” ဟုပြောသည်။
မောင်တောမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကလည်း မောင်တောဆေးရုံသို့ ကျဆုံးသွားသည့် နယ်ခြားစောင့်နှစ်ဦးကို မောင်တောဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ကြားသိရကြောင်း ပြောသည်။
“ မိုင်တိုင် အမှတ် ၄၄ ဖက်မှာဖြစ်တဲ့ဟာမှာ နှစ်ယောက်ကျလို့ မောင်တော ဆေးရုံကို ရောက်နေတယ်လို့ ပြောတယ်။ မနေ့က ရောက်တာ။ သေလို့လား၊ ဒဏ်ရာရလို့လားတော့မသိဘူး။ နှစ်ယောက်ရောက်နေတယ်လို့ ပြောတယ်” ဟုပြောသည်။
မောင်တောဆေးရုံအုပ် ဒေါက်တာနုကေသီစံအား အဆိုပါကိစ္စနှင့် မေးမြန်းစုံစမ်းရန် ဖုန်းနှင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။
မောင်တောရဲစခန်းမှ စခန်းမှူးဒုရဲမှူး မြင့်ကျော်ဦးသို့ ဆက်သွယ်ရာတွင်လည်း ဒဏ်ရာရရှိသူ တချို့ရှိသည်ဟု ကြားသိရသော်လည်း နယ်ခြားစောင့်နှင့် သက်ဆိုင်သည့် ကိစ္စဖြစ်နေ၍ ဖြေကြားနိုင်ခြင်း မရှိကြောင်းပြောသည်။
“ သေချာအောင်ဆိုရင် ဆေးရုံကို မေးကြည့်ပါလား။ ကျွန်တော်တို့က ရမ်းသန်း ပြောလို့မရဘူး။ ကျွန်တော်တို့ဆီက မဟုတ်ဘူးလေ။ နယ်ခြားစောင့်ဆိုတော့။ နည်းနည်းပြောတာတွေက ဒဏ်ရာရတယ်ဘာညာပြောတာတော့ ကြားတာပဲ။ ကျွန်တော်တို့ကျတော့ အတိကျမဖြစ်ရင် မကောင်းဘူးလေ” ဟုပြောသည်။
အဆိုပါ မောင်တောမြို့နယ် မြောက်ပိုင်းနယ်ခြားစောင့်တပ်ဖွဲ့တစ်ခုအား မေးမြန်းစုံစမ်းရန် နိရဉ္စရာမှ အတည်ပြုချက်ရရှိရန် ဆက်သွယ်ရာ၌ ဆက်သွယ်မှုမရရှိသေးပါ။
တိုက်ပွဲမှာ ယမန်နေ့ မနက် ၈ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီခန့်တွင်လည်း မင်္ဂလာညွှန့်ကျေးရွာအနီး နယ်ခြားစောင့်တပ်ဘက်က လက်နက်ကြီး ၃ ချက် ပစ်ခတ်သံများကို ဆက်ကြားခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့နံနက်ပိုင်းတွင်လည်း မောင်တောမြို့နယ် မြောက်ပိုင်း သစ်တုန်းနားကျေးရွာအနီးတွင် အာဆာ(ARSA )နှင့် နယ်ခြားစောင့်တို့ အပြန်အလှန် ၁ နာရီကျော်ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဆက်စပ် သတင်းများ