တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို AA က ဖမ်းဆီးသွားဟု မြို့ခံများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 9k

နိရဥ္စရာ၊ ဇွန် ၁၆/၂၀၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ထဲတွင် လမ်းသွား၊ လမ်းလာ ပြည်သူများ၏ ဆိုင်ကယ်များကို စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား ၁ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည်ဟု သိရသည်။
ဖမ်းဆီးခံရသူမှာ ပုဏ္ဏားကျွန်းမြို့ ၅၅၀ တပ်ရင်းမှဖြစ်ပြီး ၎င်းကို ယနေ့ ဇွန်လ ၁၆ ရက် ညနေ ၃ နာရီခန့်တွင် မြို့တွင်းရှိ အောင်မင်္ဂလာကန်အနီး လက်ထိပ်ခတ်ကာဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မြေပြင် သတင်းရင်းမြစ် တစ်ဦးက နိရဥ္စရာကို ပြောသည်။
"ဖမ်းတဲ့အချိန်မှာ စစ်သားကတစ်ယောက်တည်း။ သူက မြို့ထဲကနေ တပ်ရင်းကိုသွားတာ။ အဲဒီအချိန်မှာ လမ်းကနေဖမ်းသွားတာ။ AA က လူတွေ ဖမ်းသွားတာ။ အဖမ်းခံရတဲ့သူက မြို့ပတ်လို့ စစ်ဆေးတာတွေ လုပ်နေတဲ့သူ ဖြစ်တယ်"ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးစဉ် ၁ ဦးမှာ လွတ်မြောက်သွားပြီး ၁ ဦးကိုသာ ဖမ်းဆီးနိုင်ခဲ့သည်ဟုလည်း သိရသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရပြီးနောက် ၅၅ဝ တပ်မှ သေနတ်သံ ၄ ချက် ထွက်ပေါ်ခဲ့သည်ဟုလည်း မြို့ခံများက ပြောသည်။
လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့မှာ ဈေးများကို စော၍ပိတ်လိုက်ကြပြီး မြို့ခံများမှာလည်း နေအိမ်အတွင်းမှ အပြင်သို့မထွက်ဝံ့ကြဘဲ ရှိနေသည်ဟု အမည်မဖော်လိုသည့် အသက် ၂၇ နှစ်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ယနေ့ညနေ ၄ နာရီတွင် ပြောသည်။
"လူတွေက အပြင်မှာ၊ လမ်းတွေမှာ တစ်ယောက်မှမရှိကြဘူး။ အကုန်လုံးအိမ်ထဲမှာပါ။ အခုကတော့ မြို့က လုံးဝတိတ်ဆိတ်နေပါတယ်"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်ကလည်း ကျောက်တော်မြို့မစျေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို AA က ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်လနှင့် ယခုလတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များ၏နေအိမ်များသို့ ညဥ့်အချိန်ဝင်ရောက်ကာ ဖမ်းဆီးမှုများရှိလာနေ၍ အရာရှိအချို့ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခုကဲ့သို့ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဇွန်လ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ULA/AA ၏သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသွားခဲ့သည်။
ဖမ်းဆီးခံထားရသည့် AA တပ်ဖွဲ့ဝင်များကို ချက်ချင်းလွှတ်ပေးမည်ဆိုလျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ချက်ချင်းလွှတ်ပေးမည်ဟု ဦးခိုင်သုခက ဆိုသည်။ (NN-11)
ဓာတ်ပုံ - စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ပုဏ္ဏားကျွန်းမြို့အဝင်တွင် ၂ဝ၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။

ဆက်စပ် သတင်းများ