တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းလိုက်ပြီသော်လည်း ရခိုင်က အကြမ်းဖက်ပုဒ်မများဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်မပေးခြင်းမှာ ရိုးသားမှုမရှိသည့်လုပ်ရပ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.2k

ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၂/ ၂၀၂၁
ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုပ်သိမ်း လိုက်ပြီ ဖြစ်သော်လည်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှု ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများကိုလည်း ပြန်လွှတ်မပေးခြင်းမှာ ရိုးသားသည့် လုပ်ရပ်မဟုတ်သလို လူအများ၏ ပြောဆိုဝေဖန်စရာလည်း ဖြစ်နေကြောင်း ရခိုင်နိုင်ငံရေးသမားများ၊ ဥပဒေအရေးကျွမ်းကျင်သူများ နှင့် လူမှုရေး လှုပ်ရှားသူများက ပြောဆိုသည်။
ဥပဒေအမြင်နှင့်ကြည့်ကြည့်၊ လူမှုရေးအမြင်နှင့်ကြည့်ကြည့် ၄င်းတို့ကို ပြန်လွှတ်ပေးသင့်ပြီဟု ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က နိရဥ္စရာကိုပြောသည်။
“ဥပဒေအမြင်နဲ့ ကြည့်ကြည့်၊ လူမှုရေးအရ ကြည့်ကြည့် အေအေတပ်တော်နဲ့ ဆက်စပ်သံသယနဲ့ အကြမ်းဖက်နဲ့ဖမ်းဆီးရပါတယ်ဆိုတဲ့အချက်မှာ အေအေတပ်တော်ကိုလည်း အကြမ်းဖက်ကနေ ပယ်ပျက်ထားတဲ့အတွက် အချိန်ကြာနေတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း အမြန်ဆုံး လွှတ်ပေးသင့်တယ်။ လွှတ်လည်း လွှတ်ပေးချိန်ရောက်ပြီလို့ ယူဆပါတယ်”ဟု ပြောသည်။
AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ လက်ရှိ နစကကောင်စီက ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင် ရုပ်သိမ်းခဲ့သော်လည်း အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံထားရသူများ လက်ရှိအချိန်အထိ ရှိနေခြင်းသည် လက်ရှိနစကကောင်စီက ရခိုင်ပြည်သူများကို မရိုးမသားလုပ်ခြင်းဖြစ်သည်ဟုလည်း မြောက်ဦးမြို့မှ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက မိန့်ကြားသည်။
“AA ကို အကြမ်းဖက်အဖွဲ့အဖြစ်က ဖျက်သိမ်းလိုက်ပြီဆိုရင် အကြမ်းဖက်အဖွဲ့အစည်းမရှိတော့တဲ့အတွက် အကြမ်းဖက်နဲ့ဆက်စပ်မှုဆိုတာလည်း မရှိတော့ဘူး။ သူတို့ဟာ ပြစ်မှုမမြောက်တဲ့အတွက် လွှတ်ပေးလို့ရပြီ။ ဒါဟာ စစ်ကောင်စီက ရခိုင်ပြည်သူအပေါ်မှာ မရိုးသားဘူးလို့မြင်တယ်” ဟု မိန့်သည်။
အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံနေရသည့်သူများတွင် စစ်တွေအကျဉ်းထောင်၌ ၄၀ ဦး၊ သံတွဲအကျဉ်းထောင်၌ ၆ ဦး၊ ဘူးသီတောင်အကျဉ်းထောင်၌ ၅ ဦး၊ မြောက်ဦးအချုပ်ခန်း၌ ၂၀ ဦးခန့်၊ ကျောက်ဖြူအကျဉ်းထောင်၌ ၃၀ ဦးနှင့် ရန်ကုန်အင်းစိန်အကျဉ်းထောင်း၌ ၈ ဦးတို့ဖြစ်ကြသည်ဟု စစ်ဘေးရှောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးနေသည့် ဦးဝေဟင်အောင်၏စာရင်းအရ သိရသည်။
ယင်းအနက် စစ်တွေအကျဉ်းထောင်တွင် လက်ရှိအချိန်ထိ အကြမ်းဖက်မှုပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသား(၅)ဦး၊ အိုင်ဒင်ရွာသား (၂) ဦးနှင့် မြောက်ဦးမြို့နယ် လက္ကာရွာသား ၂၃ ဦးတို့လည်း ပါဝင်သည်။
လက္ကာရွာသားများကို ဒီဇင်ဘာ ၁၇ ရက်နှင့် ကျောက်ဆိပ်နှင့် အိုင်ဒင်ရွာသားများကို ဒီဇင်ဘာ ၂၀ ရက်တို့တွင် စစ်တွေခရိုင်တရားရုံး၌ရုံးထုတ်ခဲ့သော်လည်း အမှုကို တစ်စုံတစ်ရာမဆုံးဖြတ်ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
ထိုသို့ ရုံးချိန်းများရွှေ့ဆိုင်နေသည့်အတွက် မိသားစုနှင့် ထောင်ထဲတွင်နေရသူများမှာ အထူး နစ်နာမှုရှိနေကြောင်း ကျောက်ဆိပ်ကျေးရွာမှ တရားရင်ဆိုင်နေရသည့် ကိုညီညီအောင်၏ မိခင်ဖြစ်သူ ဒေါ်နီနီအေးက ပြောသည်။
“ကျမတို့ရဲ့သားမှာ ဘာအပြစ်မှမရှိတာကို ရုံးတော်ကလည်းသိသလို တစ်နိုင်ငံလုံးက သိပါတယ်။ သူတို့မှာအပြစ်မရှိလို့လည်းပြောတယ်။ ဒါပေမယ့် အခုထိပြန်လွှတ်မပေးသေးဘူးဆိုတော့ မတရားဘူးလို့ ပြောချင်တယ်။ ကျမသားလေးရဲ့အသက်နဲ့ ကျန်းမာရေးကို စိုးရိမ်တယ်။ ဒါကြောင့် အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်”ဟု ပြောသည်။
လက်ရှိ အကြမ်းဖက်ပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူများသည် သက်သေအခိုင်အလုံမရှိဘဲ သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများဖြစ်ခြင်းနှင့် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းလိုက်ပြီဖြစ်သည့်အတွက် ပြစ်မှုများမှာလည်း အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်ကြောင်း မြတန်းဆောင်ဆရာတော် ဦးနန္ဒသာရက မိန့်သည်။
“လက်ရှိ နစက ကောင်စီအနေနဲ့ မိမိတို့ရဲ့လုပ်ရပ်အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ရိုးရိုးသားသားနဲ့ ဒီလူတွေ ပြန်ပြီးလွှတ်ပေးပါ။ အဲဒီလို လွှတ်ပေးလိုက်ပြီးတော့ ရခိုင်လူမျိုး၊ ရခိုင်ပြည်နဲ့ လက်ရှိအစိုးအရကြားမှာ ပိုမိုကောင်းမွန်တဲ့နားလည်မှုနဲ့ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မိန့်သည်။
ယခုဖမ်းဆီးတရားစွဲဆိုခံထားရသူများသည် ရခိုင်တွင် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှစတင်ကာ AA နှင့် စစ်တပ်တို့ တိုက်ပွဲစတင်ဖြစ်ပြီးနောက် သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံထားရသူများဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ