တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခွံထားရသူ ၃၆ ဦးကို အမှုရုပ်သိမ်းပေးရန် အစီအစဉ်မရှိတော့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၅/ ၂ဝ၂၁
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများအနက် ၃၆ ဦး၏အမှုကို ရုတ်သိမ်းပေးရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုသို့ ရခိုင်ပြည်နယ်ကောင်စီက အမှုရုတ်သိမ်းလွှာတင်ထားခဲ့သော်လည်း ၄င်းတို့အား ရုပ်သိမ်းပေးရန်မရှိတော့ကြောင်း အကြောင်းပြန်ကြားလာသည်ဟု သိရသည်။
အဆိုပါ ၃၆ ဦးအား အမှုရုတ်သိမ်းပေးရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုသို့ ပြီးခဲ့သည့် နိုဝင်ဘာအတွင်း တင်ပြထားခဲ့သော်လည်း ၄င်း ၃၆ ဦးသည် အမှုပိတ်သိမ်းခဲ့သည့်အမှုများတွင် ပါဝင်သွားခဲ့ပြီဟု အကြောင်းပြန်ကြားလာကြောင်း ရခိုင်ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကနိရဥ္စရာအား ပြောသည်။
“ရဲကပိတ်သိမ်းတဲ့အမှုတွေထဲမှာ အဲဒီ ၃၆ မှုပါသွားပြီတဲ့။ ထပ်လွှတ်ဖို့ မရှိတော့ဘူး။ ငါတို့က ရုတ်သိမ်းဖို့တင်ပြထားတာ။ မကျနိုင်တော့ ပြန်စိစစ်တော့ တရားရေးက ပိတ်သိမ်းတဲ့အထဲမှာ ပါသွားပြီတဲ့” ဟု ပြောသည်။
၄င်းတို့ ၃၆ ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရှေးရှု၍ နစကကောင်စီက AA နှင့်ဆက်စပ်၍ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၆၁ ဦး၏အမှုကိုရုပ်သိမ်းပေးရာတွင် ပါဝင်သွားခြင်းဖြစ်သည်ဟု သိရသည်။
ယင်းနေ့ကအမှုပိတ်သိမ်းပေးရာတွင် ရခိုင်မှ ၆၁ ဦးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆက်စပ်၍ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၁၄ ဦးတို့ပါဝင်ခဲ့သည်။
လက်ရှိတွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသူများသည် စစ်တွေအကျဉ်းထောင်တွင် ၄ဝ ဦး၊ သံတွဲအကျဉ်းထောင်တွင် ၆ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်တွင် ၅ ဦး၊ မြောက်ဦးအချုပ်ခန်းတွင် ၂ဝ ဦးခန့်၊ ကျောက်ဖြူအကျဉ်းထောင်တွင် ၃ဝ ဦးနှင့် အင်းစိန်းအကျဉ်းထောင်တွင် ၈ ဦး၊ စုစုပေါင်း ၁ဝ၉ ဦးတို့ကျန်ရှိနေသေးကြောင်း စစ်ဘေးရှောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအရေးကူညီဆောင်ရွက်ပေးနေသူ ဦးဝေဟင်အောင်၏ စာရင်းအရ သိရသည်။
နစက ကောင်စီက AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင် ရုပ်သိမ်းပေးခဲ့သော်လည်း လက်ရှိအချိန်အထိ အမှုရင်ဆိုင်နေရသူအများအပြားကျန်နေသေးသည်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်းဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
"AA ကိုအကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်လိုက်တဲ့နောက်ပိုင်းမှာ အကြမ်းဖက်ပုဒ်နဲ့အဖမ်းခံရထားသူတွေကို သက်သေအထောက်အထားမရှိရင် ပြန်လွှတ်ရမယ်ဆိုပြီး အဖွဲ့အစည်းတွေနဲ့ ဦးလေးတို့ လူ့အခွင့်အရေးအဖွဲ့ကပါ အားလုံးပြောဆိုထားတာရှိတယ်။ အဲဒီလိုလုပ်နေတာဟာ မတရားဖမ်းဆီးချုပ်နှောင်မှုလို့ ကျွန်တော်တို့ ပြောချင်တယ်။ အဲဒါကိုပဲ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်လို့ ပြောချင်တယ်” ဟုပြောသည်။
အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံထားရသူများကို အမှုရုတ်သိမ်းပေးရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုထံ ဆက်လက်တင်ပြရန် အစီအစဉ်မရှိသေးဟုလည်း ပြည်နယ်ကောင်စီက ပြောသည်။
ဖမ်းဆီးတရားစွဲခံနေရသူများသည် ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ အထိ ၂ နှစ်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးတရားစွဲခံနေရခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ