တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသည့် ကျောက်ဆိပ်ရွာသားများအမှုတွင် လိုပြသက်သေအားလုံးကို ယနေ့ စစ်ဆေးပြီးစီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.6k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၇/၂၀၂၁
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မများဖြင့်တရားစွဲခံနေရသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုတွင် လိုပြသက်သေအားလုံးကို ယနေ့တွင် စစ်ဆေးပြီးစီးသွားပြီဟု သိရသည်။
စစ်တွေခရိုင်တရားရုံး၌ ယနေ့ ဒီဇင်ဘာ ၂၇ ရက်ရုံးချိန်းတွင် လိုပြသက်သေများအား အပြီးသတ်စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက နိရဥ္စရာကို ပြောသည်။
"ကျောက်ဆိပ်အမှုရဲ့ကျန်တဲ့သက်သေအမှုစစ်ကို ဆက်စစ်ပါတယ်။ ပြီးခဲ့အပတ်က တစ်ပိုင်းစစ်ထားတာရှိတာကို ဒီနေ့ အပြီးသတ်စစ်ဆေးလိုက်ပါတယ်။ လိုပြသက်သေကတော့ ဒီနေ့ အားလုံးပြီးပြီပေါ့" ဟု ပြောသည်။
၄င်းတို့အမှုတွင်ပါဝင်သည့်လိုပြသက်သေ ၉ ဦးစလုံးကို စစ်ဆေးပြီးစီးသွားခြင်းဖြစ်သည်ဟု သိရသည်။
ကျောက်ဆိပ်ရွာသား ၅ ဦးကို လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် ထပ်မံရုံးချိန်းလိုက်ပြီး ယင်းနေ့တွင် ၄င်းတို့အား စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်ပေးသွားမည်ဟု ဦးလှအောင်သိန်းက ဆက်ပြောသည်။
တရားစွဲခံနေရသည့် ကျောက်ဆိပ်ရွာသား ကိုညီညီအောင်(၂၄)နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ကိုမင်းစိုး(၃၈)နှစ်နှင့် ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ဖြစ်သည်။
၄င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် ကျောက်ဆိပ်ကျေးရွာသား ၃၈ ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ရာတွင် ပါဝင်ခဲ့သူများဖြစ်သည်။
စတင်ဖမ်းဆီးခဲ့ပြီးနောက် ရွာသား ၃၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကျန် ၅ ဦးကို ပုဏ္ဏားကျွန်းမြို့ ခမရ ၅၀၅ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းကတရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် ၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဆက်လက်တရားစွဲဆိုခံနေကြရခြင်းမှာ မဖြစ်သင့်ကြောင်း ဥပဒေကျွမ်းကျင်သူများကပြောဆိုကြပြီး ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

ဆက်စပ် သတင်းများ