တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသူများအား ထပ်လွှတ်ပေးရန်မရှိတော့ဟု ပြောဆိုခြင်းမှာတရားမျှတမှုမရှိ၍ဟု မိသားစုဝင်များဝေဖန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈/ ၂ဝ၂၁
ရခိုင်ရှိ အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူများအား ထပ်လွှတ်ပေးရန်အစီအစဉ်မရှိတော့ဟု ပြည်နယ်ကောင်စီက ပြောဆိုမှုမှာ တရားမျှတမှုမရှိ၍ဖြစ်သည်ဟု မိသားစုဝင်များက ဝေဖန်ပြောကြားလိုက်သည်။
မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ အကြမ်းဖက်မှုပုဒ်များဖြင့် တရားစွဲခံနေရသူ ကိုဦးလှမောင်၏ မိခင်ဒေါ် စံသာနုက “လွှတ်မယ်ပြောတာလည်း အကုန်သူတို့စကားပဲ။ တရားရုံးတွေ၊ တရားသူကြီးတွေဟာ ဘယ်မှာသုံးစားမလဲလို့မြင်သွားပြီ။ တရားဥပဒေဟာ မရှိတော့ဘူးလားမသိဘူးလို့ မှတ်သွားပြီ” ဟုပြောသည်။
ရခိုင်မှ အကြမ်းဖက်မှုပုဒ်မများဖြင့်တရားစွဲခံထားရသူများအနက် ၃၆ ဦးအား အမှုရုပ်သိမ်းပေးရန် ပြည်နယ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုထံ ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း တင်ပြထားသော်လည်း ၄င်းတို့သည် အောက်တိုဘာလအတွင်း အမှုပိတ်သိမ်းခဲ့သည့်အမှုများတွင်ပါဝင်သွားခဲ့ပြီဟု အကြောင်းပြန်ကြားလာကြောင်း ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက နိရဥ္စရာကိုပြောဆိုထားသည်။
ယင်းကြောင့် လက်ရှိတွင် အကြမ်းဖက်မှုပုဒ်များဖြင့်တရားစွဲခံနေရသူများသည် လွတ်မြောက်လာနိုင်တော့မည်မဟုတ်ဘဲ အမိန့်ချလျှင် ကျရမည့်အမှုများသာ ကျန်တော့ကြောင်း ဦးလှသိန်းက ဆက်ပြောသည်။
“တချို့ဟာတွေက အမိန့်ချရင် မဖြစ်မနေထောင်ချရမယ့် အမှုတွေရှိတယ်။ အမိန့်ချရမယ်ဆိုရင် ချရင်ကျတော့မယ်။ အဲဒီလိုအမှုတွေကို မချသေးဘဲ အဲဒီလိုမျိုး တိုးလို့တန်းလန်းကြီး ကျန်နေတာတွေရှိတယ်။ ဘယ်တော့ကျမယ်ဆိုရင် မနက်ဖြန်ချလည်းရတယ်။ သန်ဘက်ခါချလည်းရတယ်။ ချရင် ကျတော့မယ်။ မကျအောင် ရုံးချိန်းတွေပေးနေတယ်ဆိုတာ သူ့အကြောင်းနဲ့သူ ရှိမှာပေါ့” ဟုပြောသည်။
အမှုရုပ်သိမ်းပေးရန် ပြည်နယ်ကောင်စီက တင်ပြခဲ့သည့် ၃၆ ဦးတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်၊ အိုင်ဒင်နှင့် မြောက်ဦးမြို့နယ်မှ လက္ကာစသည့် ကျေးရွာများမှ တရားစွဲခံရသူများပါဝင်လာမည်ဟု အားကိုးတကြီး မျှော်လင့်ခဲ့ကြသော်လည်း လက်ရှိတွင် မျှော်လင့်ချက်မဲ့ကာ စိတ်ပျက်အားငယ်မိသည်ဟုလည်း မိသားစုဝင်များက ပြောသည်။
အကြမ်းဖက်မှုပုဒ်မများဖြင့်တရားစွဲခံထားရသူများအနက် အချို့ကို ပြည်နယ်ကောင်စီက အမှုရုပ်သိမ်းပေးခဲ့ခြင်းများလည်းရှိခဲ့သည်။
ယင်းအပြင် ပြီးခဲ့သည့်အောက်တိုဘာလ ၁၅ ရက်တွင်ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရှေးရှု၍ နစကကောင်စီဥက္ကဋ္ဌက အမှုပိတ်သိမ်းခဲ့ရာတွင်လည်း အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသူ ၆၁ ဦးပါဝင်ခဲ့သည်။
AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင် လက်ရှိနစကကောင်စီက တရားဝင်ပယ်ဖျက်လိုက်ပြီဖြစ်သော်လည်း ကျန်ရှိနေသေးသည့် အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသူများကို ပြန်လွှတ်မပေးဘဲ ဆက်လက်ထိန်းသိမ်းထားခြင်းမှာ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိခြင်းကို ပြသရာရောက်သည်ဟုလည်း ရခိုင့်နိုင်ငံရေးအကျဉ်းသားများနှင့် စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် စာရေးဆရာ ကိုဝေဟင်အောင်က ပြောသည်။
“ဒီဟာက တိုင်းပြည်ကို အုပ်ချုပ်တဲ့အစိုးရအနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိတာကို ပြတာနဲ့ တူတာပေါ့။ အုပ်ချုပ်တဲ့အစိုးရတစ်ရပ်နဲ့မတူဘူး။ လုံးဝဖြစ်ချင်ရာဖြစ် ဥပက္ခာပြုပြီး ဖြစ်ချင်ရာဖြစ်ပစ်ထားတဲ့ သဘောဖြစ်သွားတယ်။ အမှန်က ဒီလူတွေဟာ AA ကို အကြမ်းဖက်အဖွဲ့ကပယ်ဖျက်တဲ့အချိန်တည်းက လွှတ်ကိုလွှတ်ပေးရမယ်။ လွှတ်ပေးဖို့အချိန်ထက် အကြာကြီးကျော်နေပြီ” ဟုပြောသည်။
AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲခံနေရသူများတွင် စစ်တွေ အကျဉ်းထောင်တွင် ၄ဝ ဦး၊ သံတွဲအကျဉ်းထောင်တွင် ၆ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်တွင် ၅ ဦး၊ မြောက်ဦးအချုပ်ခန်းတွင် ၂ဝ ဦးခန့်၊ ကျောက်ဖြူအကျဉ်းထောင်တွင် ၃ဝ ဦးနှင့် အင်းစိန်အကျဉ်းထောင်တွင် ၈ ဦး၊ စုစုပေါင်း ၁ဝ၉ ဦးတို့ ကျန်ရှိနေသေးကြောင်း ကိုဝေဟင်အောင်၏စာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ