တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်မှ လက္ကာရွာသား ၂၃ ဦးကို အပြီးသတ်အမိန့်ချရန် ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေ၍ မိသားစုများ စိတ်ပျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 610

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၀/၂၀၂၁
ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည့်သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာသား ၂၃ ဦးအမှုကို အပြီးသတ်အမိန့်ချမှတ်ရန် ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေ၍ စိတ်ပျက်မိသည်ဟု မိသားစုဝင်များက ပြောသည်။
တရားစွဲခံနေရသူ လက္ကာကျေးရွာမှ ဒေါ်လှတင်နု (၄ဝ နှစ်)၏ အစ်မ ဒေါ်မိုးစန္ဒာက “ရုံးထပ်ချိန်းပေးပြီး ရက်ချိန်းပေးတော့ ကျမတို့လည်း စိတ်ဓာတ်ကျသွားပြီ” ဟုပြောသည်။
၄င်းတို့ကို ယနေ့ ဒီဇင်ဘာလ ၃ဝ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အပြီးသတ်အမိန့်ချမှတ်ရန် ဒီဇင်ဘာလ ၁၇ ရက်ရုံးချိန်းက ချိန်းဆိုခဲ့သော်လည်း အမိန့်ချမှတ်ခြင်းမရှိဘဲ လာမည့် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်သို့ ထပ်မံရုံးချိန်းလိုက်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် Min Hti Law Firm အဖွဲ့မှဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက နိရဥ္စရာကို ပြောသည်။
"ဒီနေ့တော့ ဘာမှမထူးခြားဘူး။ ဇန်နဝါရီ ၁၃ ရက်နေ့ကို ထပ်ရုံးချိန်းတယ်။ အမိန့်ချဖို့ ချိန်းပါတယ်" ဟု ပြောသည်။
၄င်းတို့ကို ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ အပြီးသတ်အမိန့်ချမှတ်ရန် ရုံးချိန်းချိန်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ ၆ ကြိမ်ထက်မနည်း ရုံးချိန်းရွှေ့ဆိုင်းခဲ့ပြီဟု မိသားစုများက ပြောသည်။
၄င်းတို့ ၂၃ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀ (ဈ)၊ ၅၂ (က)၊ ၅၄ တို့ဖြင့် တရားစွဲခံနေရသည်မှာ ၃ နှစ်ခန့်ကြာမြင့်နေပြီဟု သိရသည်။
၄င်းတို့အနက် ၂၂ ဦးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၌ မြောက်ဦးအခြေစိုက် ရဲတပ်ရင်း တိုက်ခိုက်ခံရပြီးနောက် နောက်တစ်နေ့ ဧပြီ ၁ဝ ရက်တွင် စစ်ကြောင်းတစ်ခုက ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းသွားခြင်းဖြစ်သည်။
စတင်ဖမ်းဆီးစဉ်က ရွာသား ၂၇ ဦးဖြစ်ပြီး စစ်ကြောရေးတွင် ၃ ဦးသေဆုံးခဲ့ကာ လူငယ် နှစ်ဦးအားလည်း အသက်မပြည့်၍ လွတ်ပေးခဲ့သဖြင့် ၂၂ ဦး ကျန်နေခဲ့သည်။
ယင်းနောက် ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလတွင် လက္ကာရွာမှ အမျိုးသမီးတစ်ဦးကို မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းမှ ထပ်မံ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရခြင်းဖြစ်သည်။
လက္ကာရွာသား ၂၃ ဦး တရားစွဲခံထားရသည့်ပုဒ်မများမှာ ထောင်ဒဏ် (၇) နှစ်နှင့် (၁၀)နှစ်အပြင် တသက်တကျွန်းအထိ ချမှတ်နိုင်သည့်ပုဒ်မများဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ