တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် စွဲချက်တင်ခံထားရသည့် ကျောက်ဆိပ်ရွာသား ၅ ဦးစလုံးကို ယနေ့ စစ်ဆေးပြီးစီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.6k

မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မများဖြင့် စွဲချက်တင်ခံနေရသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးစလုံးကို ယနေ့တွင် စစ်ဆေးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
၄င်းတို့ကို ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ စစ်ဆေးပြီးစီးသွားခြင်းဖြစ်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးကျော်ညွှန့်မောင်က နိရဥ္စရာသို့ပြောသည်။
"ကျောက်ဆိပ်အမှုမှာ ဒီနေ့တရားခံတွေ အားလုံးကိုစစ်လို့ပြီးတယ်။ နောက်လာမယ့် ရှေ့အပတ် ၉ ရက်နေ့မှာ တရားခံပြသက်သေတွေကို စစ်မယ်" ဟုပြောသည်။
အကြမ်းဖက်မှုပုဒ်မများဖြင့် စွဲချက်တင်ခံနေရသူများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုမျိုးလင်းဦး (၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ကိုမင်းစိုး(၃၈)နှစ်နှင့် ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ဖြစ်သည်။
၄င်းတို့အနက် ကိုမျိုးလင်းဦးနှင့် ကိုညီညီအောင်တို့ ၂ ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကျန် ၃ ဦးကို ယနေ့တွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့အမှုတွင် တရားခံပြသက်သေ ၁၃ ဦးပါဝင်ပြီး ၄င်းတို့ကို လာမည့် ဖေဖော်ဝါရီလ ၉ ရက်တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆိပ်ရွာသား ၅ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် ကျောက်ဆိပ်ကျေးရွာသား ၃၈ ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ရာတွင် ပါဝင်ခဲ့သူများဖြစ်သည်။
စတင်ဖမ်းဆီးခဲ့ပြီးနောက် ရွာသား ၃၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကျန် ၅ ဦးကို ပုဏ္ဏားကျွန်းမြို့ ခမရ ၅၀၅ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းကတရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပေဒပုဒ်မ ၅၀(ည)၊ ၅၂(က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် ၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ၎င်းတို့အား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်တွင် စစ်တွေခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြစ်သော ၅၀ (ည)၊ ၅၂ (က)တို့ဖြင့် စွဲချက်တင်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ