တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

AA သံသယဖြင့် စွဲချက်တင်ခံထားရသည့် ကျောက်ဆိပ်ရွာသား ၅ ဦးအမှု၏ တရားခံပြသက်သေ ၁၃ ဦးအနက် ၆ ဦးအား စစ်ဆေးပြီးစီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.5k

မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၇/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မများဖြင့် စွဲချက်တင်ခံနေရသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှု၏ တရားခံပြသက်သေ ၁၃ ဦးအနက် ၆ ဦးအား စစ်ဆေးပြီးစီးသွားပြီဟု သိရသည်။
ကျောက်ဆိပ်ရွာသားများ၏အမှုတွင် တရားခံပြသက်သေ ၁၃ ဦးရှိပြီး ယင်းအနက် ၄ ဦးကို ဖေဖော်ဝါရီ ၉ ရက်ရုံးချိန်းတွင် စတင်စစ်ဆေးခဲ့ပြီး နောက်ထပ် ၂ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်ရုံးချိန်းတွင် စစ်တွေခရိုင်တရားရုံး၌ စစ်ဆေးခဲ့သည်ဟု အမှုလိုက်ရှေ့နေ ဦးလှအောင်သိန်းက နိရဥ္စရာကိုပြောသည်။
"ဒီနေ့တော့ ခံပြသက်သေနှစ်ယောက်ကို စစ်တယ်" ပြောသည်။
နောက်ထပ်ကျန်ရှိသည့် တရားခံပြသက်သေ ၇ ဦးအား လာမည့် မတ်လ ၃ ရက်တွင် ဆက်လက်စစ်ဆေးရန် ရုံးချိန်းလိုက်သည်ဟုလည်း သိရသည်။
အကြမ်းဖက်မှုပုဒ်မများဖြင့် စွဲချက်တင်ခံနေရသည့် ကျောက်ဆိပ်ရွာသားများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုမျိုးလင်းဦး (၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ကိုမင်းစိုး(၃၈)နှစ်နှင့် ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ဖြစ်သည်။
၄င်းတို့သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ပုဏ္ဏားကျွန်းမြို့ ခမရ ၅၀၅ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းကတရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပေဒပုဒ်မ ၅၀(ည)၊ ၅၂(က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် ၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်၌ တရားစွဲဆိုခံခဲ့ရသူများဖြစ်သည်။
ယင်းနောက် ၎င်းတို့အား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်တွင် စစ်တွေခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြစ်သော ၅၀ (ည)၊ ၅၂ (က)တို့ဖြင့် စွဲချက်တင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် ထာဝရငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နစကကောင်စီက တစ်နိုင်ငံလုံးရှိအကျဉ်းသား ၈ဝဝ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာ ရခိုင်မှ AA နှင့်ဆက်စပ်သံသယဖြင့်တရားစွဲခံနေရသူ ၄၆ ဦးလည်း ပါဝင်ခဲ့သည်။
သို့ရာတွင် ထို ၄၆ ဦးအနက် ကျောက်ဆိပ်ရွာသားများပါဝင်မှုမရှိခဲ့သည့်အတွက် ၄င်းတို့ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

ဆက်စပ် သတင်းများ