တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမှ ကိုတင်ထွန်းအောင် တပ်မတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် စွဲချက်တင်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.1k

မြထွီးသျှင်
နိရဉ္စရာ၊ မတ် ၁၇/ ၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်သည် ယနေ့ မတ်လ ၁၇ ရက်ရုံးချိန်းတွင် ပလက်ဝမြို့နယ်တရားရုံး၌ တပ်မတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) ဖြင့် စွဲချက်တင်ခံလိုက်ရကြောင်း သိရသည်။
ယင်းကဲ့သို့စွဲချက်တင်ခံလိုက်ရသည့်အပေါ် ကိုတင်ထွန်းအောင်က အပြစ်မရှိကြောင်းငြင်းဆို၍ လာမည့်ရုံးချိန်းတွင် ပြန်ခေါ်သက်သေအဖြစ် တရားလိုဖြစ်သူ ဗိုလ်ကြီးထွန်းထွန်းနိုင်အား ပြန်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုတင်ထွန်းအောင်၏မိသားစုဝင်တစ်ဦးက “ဒီဟာကဖြစ်သင့်တာမျိုးတော့ မဟုတ်ဘူး။ ဥပမာ- တစ်နိုင်ငံလုံးအုံအုံကြွကြွဖြစ်သွားလား၊ ကျနော်တို့ပလက်ဝတစ်မြို့လုံး လန့်ဖျတ်သွားတာတွေရောရှိခဲ့လားပေါ့နော်။ ပြောရမယ်ဆိုရင်တော့ ဒီဟာကလွတ်သင့်တဲ့အမှုမျိုးပါ။ နှစ်ယောက်မှာ တစ်ယောက်ကလွတ်ပြီးတော့ သူ့ကိုကျတော့ ဘာကြောင့်မလွှတ်လဲပေါ့နော်” ဟုပြောသည်။
ကိုတင်ထွန်းအောင်ကို လာမည့်မတ်လ ၂၃ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထားကြောင်း သိရသည်။
ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆)နှစ်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်းကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား သတင်းဌာနတစ်ခုသိူ့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် တပ်မတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်မှစတင်ကာ အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ဒီဇင်ဘာလ ၂၈ ရက်ညနေ ၆ နာရီခန့်တွင် ရဲနှင့်စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီး နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့်လွတ်မြောက်ခဲ့သည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့ ၂၈၉ တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုပြုလုပ်ကာ ပလက်ဝမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံနေရခြင်းဖြစ်သည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်အား ပလက်ဝရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
---------------------

ဆက်စပ် သတင်းများ