တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမှ ကိုတင်ထွန်းအောင််အမှုအား လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.4k

မြထွီးသျှင်
နိရ ဉ္စရာ၊ မတ် ၂၅/ ၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့မှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်ခံထားရသည့် ကိုတင်ထွန်းအောင်၏အမှုအား လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုတင်ထွန်းအောင်နှင့် သူ၏ခံပြသက်သေ ၂ ဦးကို ယမန်နေ့ မတ်လ ၂၅ ရက်ရုံးချိန်းတွင် ပလက်ဝမြို့နယ်တရားရုံး၌ စစ်ဆေးခဲ့ရာ အလံဖြူထောင်သည့်ကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာကလာမေး၍ ဖြေဆိုခဲ့ရခြင်းဖြစ်ကာ ဖြေဆိုခဲ့ရသည့်အကြောင်းအရင်းမှာလည်း ပလက်ဝနေလူထုအကြားတွင် လူပြောများနေခြင်းကြောင့် ဖြေဆိုခဲ့ရခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ကိုတင်ထွန်းအောင်၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာသို့ပြောသည်။
“အခုစွပ်စွဲထားတာကတော့ သူက အလံဖြူထောင်ထားတာကို တင်တယ်ဆိုပြီးတော့ စွဲထားတာကို သူတင်တာမဟုတ်ဘူးလို့ သူကငြင်းတယ် သူ့ကိုဖုန်းဆက်မေးလို့ သူကဖြေလိုက်ရတာဆိုပြီးတော့” ဟုပြောသည်။
ဆက်လက်ပြီး အပြီးသတ်လျှောက်လဲချက်ပေးရန်အတွက် လာမည့် ဧပြီလ ၁ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုလိုက်သည်ဟု သိရသည်။
ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆)နှစ်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်းကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရဲနှင့်စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။
နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့်လွတ်မြောက်ခဲ့သော်လည်း ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့ ၂၈၉ တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုပြုလုပ်ကာ ပလက်ဝမြို့နယ်တရားရုံးတွင် တပ်မတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ဒီဇင်ဘာလ ၃၀ ရက်မှစတင်ကာ တရားစွဲဆိုခံနေရခြင်းဖြစ်သည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်အား ပလက်ဝရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ကိုတင်ထွန်းအောင်သည် လွန်ခဲ့သည့်နှစ် အာဏာသိမ်းခဲ့သည့်အချိန်တွင်လည်း CDM မလုပ်ခဲ့ဘဲ ပြည်သူ့ဝန်ထမ်းအဖြစ်ရှိနေခဲ့သည့်အတွက် ယခုကဲ့သို့အသေးအမွှားကိစ္စကို ဖြေလျှော့ပေး၍ ပြည်သူ့ဝန်ထမ်းအဖြစ်ပြန်လည်ထမ်းဆောင်နိုင်ရန် ပြစ်ဒဏ်မှ လွတ်ငြိ်မ်းစေချင်ကြောင်း သူ့မိသားစုဝင်က ဆက်ပြောသည်။

ဆက်စပ် သတင်းများ