ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

တရားရုံးထုတ်စစ်ဆေးစဉ် ကျန်းမာရေးဆိုးဝါးလာ၍ ဒေါ်ညိုအေးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

ယနေ့ နေ့လယ်က အမျိုးသမီးအရေးလှုပ်ရှားသူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို တရားရုံးထုတ်စစ်ဆေးစဉ် ကျန်းမာရေးဆိုးဝါးလာ၍ စစ်တွေဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

 

သူမနှင့်နီးစပ်သူတစ်ဦးက  "သူ သွေးတိုးနေတဲ့အတွက် ဆေးရုံကိုပို့လိုက်ရတာပါ။ အခုတော့ သူ့ကို ဓာတ်မှန်လည်း ရိုက်ဦးမှာဖြစ်လို့ ဓာတ်မှန်ခန်းထဲယူသွားပါပြီ"ဟု နိရဥ္စရာကိုပြောသည်။

ဒေါ်ညိုအေးကို ယနေ့ စက်တင်ဘာလ ၁၈ ရက် နေ့လယ်က စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးနေစဉ် သွေးတိုးနေသည့် အတွက် တရားရေးတာဝန်ရှိသူများက စစ်တွေဆေးရုံ အရေးပေါ်ပို့ဆောင်ခိုင်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

 
ယင်းအပြင် ဒေါ်ညိုအေးသည် ပြီးခဲ့သည့်ရက်ပိုင်းက ဖျားနေသလို အချုပ်ထဲတွင် ခြင်ကိုက်ခံရသည့်အတွက် ခန္ဓာကိုယ်တွင်လည်း ယားနာများဖြစ်ပွားနေသည်ဟု သိရသည်။




သောက်နေကျဆေးများကို အကျဉ်းထောင်အတွင်း သောက်ခွင့်မရသလို မိသားစုနှင့်လည်း တွေ့ခွင့်မရသည့်အတွက် သူမ၏ကျန်းမာရေးအတွက် မိသားစုများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေရှိ ရခိုင်အမျိုးသမီး ကွန်ရက်ရုံးမှတဆင့် ရဲတပ်ဖွဲ့ ၏ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

သူမသည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့၍ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးပြီးနောက် သူမကို ပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှတ်(၁)ရဲစခန်းမှူးက တရားလိုပြုလုပ်ကာအမှုဖွင့်ပြီး စစ်တွေထောင်အချုပ်သို့ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။

ပုဒ်မ ၅ဝ၅(ခ)သည် ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ဒေါ်ညိုအေးကို ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် တတိယအကြိမ်ရုံးထုတ်ရန် ရုံးချိန်းထားသည်ဟု သိရသည်။ (NN-16, NN-12)

ဓာတ်ပုံ - ဒေါ်ညိုအေးအား စစ်တွေဆေးရုံတွင်တွေ့ရစဉ်။

ဆက်စပ် သတင်းများ