တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

ရခိုင်တွင် တိုက်ပွဲကာလ လှူဒါန်းမည့်သူနည်းပါး၍ စစ်တွေမြို့မှမယ်သီလရှင် ၂၀၀ကျော် ရပ်တည်ရေးခက်ခဲလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 418

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၆ /၂၀၂၄

ရခိုင် တိုက်ပွဲကာလအတွင်း အလှူအတန်းများနည်းပါးလာ၍ စစ်တွေမြို့ မယ်သီလရှင် ကျောင်းပေါင်း ၁၅ ကျောင်းမှ သီလရှင် ၂၀၀ ကျော်ခန့်မှာ ရပ်တည်ရေး ခက်ခဲလာနေကြောင်း သတင်းရရှိသည်။

တိုက်ပွဲစတင်ခဲ့သည့်အချိန်မှစပြီး ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရ၍ မြို့၊ ရွာများတွင် သီတင်းသုံးနေထိုင်ကြသည့် မယ်သီလရှင်များတွင် အလှူအတန်းရရှိမှု အလွန် နည်းပါးသလို ကုန်ဈေးနှုန်းများလည်း ကြီးမားနေသည့်အတွက် အခက်အခဲဖြစ်နေကြသည်ဟု စစ်တွေမြို့နယ်ရှိ သီလရှင်ကျောင်းတစ်ခုမှ သီလရှင်တစ်ပါးက နိရဉ္စရာကို မိန့်သည်။

"အခုဆိုရင် အလှူခံစရာ ရွာတွေလည်း မရှိတော့ဘူး။ အရင်ကဆို တစ်ရွာဝင်တစ်ရွာထွက် အလှူခံလို့ရတယ်။ အခုက အလှူခံထွက်ရင်လည်း မြို့ထဲမှာပဲထွက်ရတယ်။ မြို့မှာလူတွေလည်း သိပ်မရှိတော့ ဆန်တွေလည်း အရင်လိုမရတော့ဘူး။ လူတွေကလည်း စားဝတ်နေရေး ကျပ်တည်း လာကြတယ်။ သီလရှင်တို့ဘဝကျတော့ ဆန်အလှူခံပြီးမှ ကိုယ့်ကိုယ် ချက်စား ရတာဆိုတော့ ကုန်ဈေးနူန်းကလည်းကြီးတော့ ထမင်းနဲ့ ကန်စွန်းရွက် ခူး ဘာခူးစားရတယ်။ ငါးဆိုမမြင်ဖူး။ ငွေကြေးဆိုလည်း လှူဒါန်းမယ့်သူမရှိကြဘူး"ဟု ပြောသည်။

ယင်းအပြင် မယ်သီလရှင်ကျောင်းများတွင်လည်း အရွယ်ရောက်နေသည့် သီလရှင်များအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းများပါ လိုအပ်နေသည်ဟု သီလရှင်တစ်ပါးက မိန့်သည်။ 

"အမှန်တိုင်းပြောရရင် အခု လုံချည်အစုတ်၊ အဝတ်စတွေပဲသုံးနေရတယ်။ လစဉ်သုံး တစ်ထုပ်ကို ငါးထောင်။ တပည့်လေးတွေအတွက် အလှူခံထွက်ရင် ဓမ္မတာလာတဲ့ရက်ဆို ဝယ်တော့ဝယ်ပေးရတယ်။ ပစ္စည်းက ရှားလည်းရှားတယ်။ ဈေးလည်းကြီးတယ်။ ဆွမ်းတစ်နပ် စားဖို့တောင် ဆရာလေးတို့ မနည်းရုန်းနေရတယ်"ဟု ပြောသည်။

လက်ရှိ ရခိုင်ဒေသတွင် ပျဥ်းမျှအားဖြင့် ငရုပ်သီးတစ်ပိဿာကို ငွေကျပ် ငါးသောင်း၊ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် သုံးသောင်း၊ စက်သုံးဆီတစ်လီတာကို ငွေကျပ် ၁၈၀၀၀ မှ ၂၃၀၀၀ အထိ၊ ငပိတစ်ပိဿာကို ငွေကျပ် ၁၂၀၀၀၊ ကော်ဖီမစ်တစ်ထုပ်ကို ငွေကျပ် ၂၄၀၀၀၊  ဖယောင်းတိုင် အတို ၃၂ တိုင်တစ်ထုပ်ကို ၁၀၀၀၀ အထိ ဈေးမြင့်နေသည်ဟု သိရသည်။

စားသောက်ကုန်အပြင် ဆေးဝါးကုန်များမှာလည်း ဈေးမြင့်သည့်အတွက် နာမကျန်း ဖြစ်လျှင်လည်း ဆေးဝါးကုသရန်အခက်အခဲဖြစ်နေကြသည်ဟု မယ်သီလရှင်များက မိန့်ကြားကြသည်။

ရခိုင်မှ မယ်သီလရှင်များကို ယခင် ကိုဗစ်ကပ်ရောဂါကာလလို အားလုံးကျပ်တည်း နေချိန်အတွင်း စစ်ကောင်စီ ပြည်နယ်အစိုးရမှ စားနပ်ရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများကို ကူညီ ထောက်ပံ့ခဲ့ဖူးသော်လည်း လက်ရှိတွင် ရခိုင်စစ်ပွဲများကြောင့် ဘာသာရေးကိုပင် အရေးစိုက်မှု မရှိတော့ဟု ဆိုသည်။

"စစ်ကောင်စီက အရင်က ထောက်ပံ့မှုတွေရှိတယ်။ အခုက ရခိုင်တိုက်ပွဲကြောင့် ဘာမှ ထောက်ပံ့လှူဒါန်းတာမရှိဘူး။ မယ်သီလရှင်တွေမှာ အလှူသွားခံဖို့ ရပ်ရွာတွေမှာ အိမ်တွေလည်း စစ်ဘေးရှောင်နေကြတော့ ဆွမ်းရေးပန်းရေး အတော်အခက်အခဲဖြစ်နေကြပါတယ်။ သူတို့လည်း သိကြမှာပါ"ဟု ပြောသည်။

လက်ရှိ တိုက်ပွဲကာလ အားလုံးကျပ်တည်းနေချိန်တွင်မူ ပြည်နယ် စစ်ကောင်စီက မည်သည့် အကူအညီအထောက်အပံ့မျှ ကူညီပေးခြင်းမရှိ၍ ဆွမ်းပန်းဝေယာဝိစ္စ အလွန်ပင် အခက်အခဲဖြစ်နေကြသည်ဟု မယ်သီလရှင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တွေတွင် မယ်သီလရှင်ကျောင်း ၁၅ ကျောင်းရှိပြီး ယခင်က သီလရှင်အပါး ၅၀၀ ခန့်ရှိခဲ့သော်လည်း လက်ရှိတွင် ယခုကဲ့သို့ အခက်အခဲများကြောင်​့ မယ်သီလရှင်များလည်း စစ်ဘေးရှောင်သွားကြ၍ အပါး ၂၀၀ ကျော်သာ ကျန်တော့ကြောင်း သိရသည်။

အလားတူ ကျောက်ဖြူမြို့နယ်တွင်လည်း သီလရှင်များ ဘ၀ရပ်တည်ရေးမှာ အထူး အခက်အခဲဖြစ်နေကြောက်း စနဲတိုက်နယ်မှ သီလရှင်တစ်ပါးက နိရဉ္စရာကို မိန့်သည်။

"ကျောင်းဝန်းခြံထဲမှာ သီးပင်တချို့စိုက်ထားတယ်။  ဟင်းသီးဟင်းရွက်တွေ စားရတာက ကံကောင်းနေပြီလို့ ပြောရမှာပါ။ ငပိ၊ ဆား၊ ငရုတ်၊ ချဉ်သီး အစ အစကနေ စုဆောင်း ထားလို့ပါ။ အခုဆိုရင် ကုန်စျေးနှုန်းတွေက အရမ်းဈေးကြီးတော့ အလှူခံစားဖို့တောင် အားနာဖို့ကောင်းတဲ့ကာလဖြစ်တယ်။ အလှူရှင်တွေနည်းပါးတော့ ဝယ်စားဖို့လည်း မတတ်နိုင်ဘူး" ဟုပြောသည်။

ဓာတ်ပုံ - သံဃာတော်များနှင့်အတူ စာမေးပွဲတစ်ခုအား ဝင်ရောက်ဖြေဆိုနေကြသည့် မယ်သီလရှင်များအားတွေ့ရစဥ်။

 

ဆက်စပ် သတင်းများ