- Web Master
- ၀၆ ဧပြီ ၂၀၂၄
ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၄/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းကျေးရွာမှ လူနှစ်ဦးမှာ ငလျင်လှုပ်ချိန် တောင်မြေပြိုကျပြီး မြေပိရာမှ ဒဏ်ရာပြင်းထန်စွာရှိခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါဒဏ်ရာ ရှိသူများမှာ ဦးသန်းရွှေ(၄၅)နှစ်နှင့် ကိုဌေးနိုင်(၂၆)နှစ်တို့ဖြစ်ကြသည်။
"ကျွန်တော်တို့ ငလျင်လှုပ်တာကို မသိလိုက်ပါဘူး။ မီးသွေးတွင်းက တောင်ကို အခေါင်းဖောက်ပြီး မီးသွေးဖုတ်တာပါ။ အဲဒီမှာ မြေက ဗြုန်းဆို ပြိုကျလာတယ်။ ကျွန်တော့် ပုခုံးအောက်ပိုင်းကနေ ခန္ဓာ တစ်ကိုယ်လုံး မြေထဲပိပါသွားတယ်။ ကျန်တယောက်ဖြစ်တဲ့ ဦးသန်းရွှေလည်း ပိသွားပေမဲ့ ကျွန်တော့လောက် ဒဏ်ရာ မပြင်းဘူး" ဟု ဒဏ်ရာ ရရှိသွားသူ ကိုဌေးနိုင်က နိရဥ္စရာ သတင်းဌာနအားပြောသည်။
၎င်းတို့ နှစ်ဦးသည် ယမန်နေ့ ညနေ ၄နာရီကျော်ခန့်တွင် မြောက်ဦးမြို့နယ် အနောက်ဘက် လေးမြို့ချောင်းအနီး စင်းဘောကိုင်းကျေးရွာနှင့် တစ်မိုင်ကျော်ခန့် ဝေးသော ကျောက်တလား တောင်ခြေရင်း ရှိ ၎င်းတို့၏ မီးသွေးဖုတ်ရန် အခေါင်းဖောက်နေစဉ် တောင်မြေပြိုကျလာသည်ဟု ပြောဆိုသည်။
၎င်းတို့နှစ်ဦး၏ အော်ဟစ်အကူညီတောင်းသံအား ကျေးရွာသားတစ်ချို့ အနီးအနားမှ ဖြတ်သွားချိန် ကြားသဖြင့် သွားရောက်ကယ်ဆယ်ကြသည်ဟု သိရသည်။
၎င်းတို့နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း လမ်းခရီး အခြေအနေကြောင့် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ရန် အဆင်မပြေသေးသဖြင့် ဆေးကုသမှု ခံယူနိုင်ခြင်းမရှိသေးဟု ကိုဌေးနိုင်၏ ဇနီးဖြစ်သူ မနုနုသန်းကပြောသည်။
"သူ့နားရွက်ပြတ်သွားပါတယ်။ လည်ပင်းအောက်ပိုင်းတစ်ခုလုံး မလှုပ်နိုင်ပါဘူး။ နောက်တစ် ယောက်မှာလည်း ဒဏ်ရာ တွေနဲ့ပါ။ ရွာမှာ ကျန်းမာရေးဝန်ထမ်းမရှိတော့ ဘာမှ လုပ်မပေးရသေးဘူး။ မြောက်ဦးကိုသွားဖို့ လမ်းခရီးက အဆင်မပြေတော့ ဒီတိုင်းထား ထားရတယ်"ဟု သူမက ပြောသည်။
အဆိုပါ ဒဏ်ရာရရှိသူနှစ်ဦးမှာလည်း ဆွေမျိုး တော်စပ်ကြသူများ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နေ့ ညနေ ၄ နာရီ ၁၈ မိနစ် ၅ စက္ကန့်အချိန်တွင် မင်းပြားမြို့ အရှေ့မြောက်ဘက် (၅) မိုင်အကွာကို ဗဟိုပြု၍ အင်အား ၅ ဒသမ ၆ ရစ်ချက်စတာစကေးရှိ ငလျင် တစ်ခု လှုပ်ခတ် သွားခဲ့သည်။
ရခိုင်ပြည်နယ် မိုးလေဝသနှင် ဇလက်ဗေဒ ဌာနမှ ပြည်နယ်ဦးစီးမှူး ဦးထွန်းအေးကျော်က ယမန်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဒဏ်ရာရသူ ရှိ/ မရှိကို မသိရသေးကြောင်း နိရဥ္စရာ သတင်းဌာနမှ မေးမြန်စဉ် ပြောဆိုသည်။
-------------------------------
Unicode
နိရဉ်စရာ၊ ဇနျနဝါရီ ၂၄/ ၂ဝ၂ဝ