ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်သားများ မြို့ထဲရှိ လူနေရပ်ကွက်များအတွင်းသို့ ဝင်ရောက်လာပြီး တိုက်ပေါ်တွင် နေရာယူပြီး မြို့ထဲတွင် ကင်းပုန်းဝပ်မှုများပြုလုပ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

ကံ့ကော်နီနီ ၊ နိရဉ္စရာ ၊ ဇူလိုင် ၁၇ / ၂၀၂၄

ရခိုင်ပြည်တောင်ပိုင်းမှ အဓိက ဗဟာဗျူဟာအရ အရေးပါသော သံတွဲမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် စစ်ရေးအရ ခြိမ်းခြောက်ခံလာရသည့် စကခ (၅) အခြေစိုက်ရာ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်က မြို့လယ်ခေါင်ရှိ အထပ်မြင့်အဆောက်ဦးများပေါ်တွင် နေရာယူပြီး မြိုထဲတွင် ကင်းပုန်းဝပ်ခြင်းများကို ပြုလုပ်လာသည်ဟု  ဒေသခံများက ပြောသည်။ 

တောင်ကုတ် KBZ ဘဏ်ခွဲရှိရာ အမ်း-တောင်ကုတ်လမ်းပိုင်း အမ်းလမ်းမကြီးရှိ အထပ်မြင့်တိုက် တချို့အပေါ်တွင် စစ်ကောင်စီက နေရာယူမှုများ ပြုလုပ်လာပြီး ညဥ့်အချိန်မြို့ထဲတွင် ကင်းပုန်း ဝပ်ခြင်းများကို ခပ်စိတ်စိတ် ပြုလုပ်နေသည်ဟု  တောင်ကုတ်မြို့ခံ စစ်ရေး အခြေအနေကို လေ့လာအကဲခတ်နေသူ တစ်ဦးက နိရဉ္စရာသို့ သတင်းဌာနသို့ပြောသည်။

" အမ်းလမ်းထဲက အသစ်ဆောက်နေတဲ့ အထပ်မြင့်တိုက်တစ်ခုရှိတယ်။ ဦးထွန်းကြွယ်ရဲ့တိုက်မှာ စစ်တပ်က ဝင်လိုက်ထွက်လိုက် နေ့တိုင်းနီးပါး လုပ်နေတာရှိတယ်။။ နေ့ဘက်မှာတော့ ပေါ်ပေါ်ထင်ထင် မလုပ်ပေမယ့် ညဘက်တွေဆို သူတို့နေရာယူနေပုံရတယ်။ အထပ်မြင့်တွေကနေ ကင်းပုန်းဝပ်တာမျိုး ဖြစ်မယ်" ဟု သူက ပြောသည်။

စစ်ကောင်စီတပ်သည် ရန်ခိုချောင်းဝရှိ ဦးကျောက်တောင်ပိုင်ဆိုင်သည့် ဂုဏ်ဓနသင်္ဘောဒေါက်ကျင်း၊ တောင်ကုတ်တက္ကသိုလ်ဘက်အထွက် အာလိန်ငါးဆင့်ဘုရားကုန်းတို့တွင်လည်း ကင်းပုန်းဝပ် လှုပ်ရှားမှုများရှိနေကြောင်း သူကပြောသည်။

ယခုကဲ့သို့ မြို့လယ်ခေါင်ရှိအများပြည်သူသွားလာလှုပ်ရှားရာနေရာများတွင် တပ်စွဲကင်းပုန်းဝပ်မှုများ ပြုလုပ်နေ၍ အနီးအနားရှိမြို့ခံများမှာ စိုးရိမ်နေကြသည်။

" မြို့လယ်ခေါင် လူတွေနဲ့နီးတဲ့အဆောက်အအုံတွေမှာတပ်စွဲနေတာကတော့ အထူး စိုးရိမ်စရာ ကောင်းပါတယ်။ အနီးအနားကပြည်သူတွေကိုလူသားဒိုင်းကာ လုပ်ထားတာနဲ့အတူတူပဲ။ မစွဲသင့်ဘူးလို့ မြင်တယ်။" နောက်ထပ်တောင်ကုတ်မြို့ခံ လူငယ်တစ်ဦးကပြောသည်။

တောင်ကုတ်မြို့သည် စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ(၅)အခြေစို​က်ထားပြီး ခမရ ၅၄၄ ၊ ခမရ ၃၄၆ နှင့် မြို့မရဲစခန်းတို့ရှိသည်။

တောင်ကုတ် အခြေစိုက် စကခ (၅) ဌာနချုပ်သည် အာရက္ခတပ်တော်မှ နောက်ထပ် သိမ်းပိုက်မည့် စာရင်းထဲတွင် ထိပ်ဆုံးစာရင်းမှ ပါဝင်နေပြီး လက်ရှိတွင် ဝိုင်းဝန်းပိတ်ဆို့ခံထားရသည့် အနေအထားတွင် ရှိနေသည်။

ဇူလိုင်လ ၇ ရက်နေ့ အာရက္ခတပ်တော်မှ စစ်ရေးသတင်း ထုတ်ပြန်ချက်တွင် ရန်သူ၏အရေးပါသော စခန်းကြီးများဖြစ်ကြသော အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ် ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့အား မိမိတို့မှ ဖြတ်တောက်ပိတ်ဆို့ ထားပြီး ဖြစ်သကဲ့သို့ အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်းဖော်ပြထားသည်။

တောင်ကုတ်မြို့တွင် ဇွန်လ ၁၅ ရက်ကစတင်ကာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ၅ ရက်တာ အတွင်း စစ်ကောင်စီဗိုလ်ကြီးနှစ်ဦးနှင့် တပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံးကာ စစ်ကောင်စီတပ်၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအနည်း ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ရေး သတင်း ရင်းမြစ်များနှင့် မြို့ခံများကပြောသည်။

ယင်းတိုက်ပွဲများနောက်ပိုင်း ယခုအချိန်ထိ တိုက်ပွဲများငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်က ဒေသခံများ ကူးလူးသွားလာမှုကို တင်းကြပ်ပိတ်ပင်ထားပြီး အတင်းအဓမ္မငွေကောက်ခံမှုများ၊ ရေကြောင်း ခရီးသွားလာသည့်ဒေသခံများကိုဖမ်းဆီးငွေညှစ်ခြင်းများကို တောက်လျှောက် ပြုလုပ်နေကြောင်း မြို့ခံများကနိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဆက်စပ် သတင်းများ