ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့ထဲ လက်နက်ကြီးကျည် ၇ လုံးခန့် ကျရောက်ပေါက်ကွဲသံကြားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ သြဂုတ် ၄/ ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့ထဲက လက်နက်ကြီးကျည် ၇ လုံးခန့်  ပေါက်ကွဲသံကို ကြားခဲ့ရ၍ ဒေသခံများ ထိတ်လန့် စိုးရိမ်နေကြရသည်ဟု ကနဦးသတင်းများအရ သိရသည်။

တောင်ကုတ်မြို့မှ ယနေ့သြဂုတ်လ ၄ ရက်၊ နံနက် ၉ နာရီ ၁၄ မိနစ်ခန့်က လက်နက်ကြီးကျည်များ ၇ ကြိမ်ခန့် ကျရောက်ပေါက်ကွဲသံကို ကြားခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့ခံတစ်ဦးက "ဘယ်ကပစ်တာလဲတော့ မသိဘူး။  လက်နက်ကြီးနဲ့ ပစ်တဲ့အသံပါ။ နေဗီကပစ်တဲ့အသံနဲ့လည်း မတူဘူး။ တောင်ကုတ်မြို့ ခမရ ၅၄၄ နဲ့ ၃၄၆ ပူးပေါင်းတပ်ရင်းတွေက ပစ်တာလို့လည်း ပြောနေကြတယ်။ မိုးရွာနေတာနဲ့ ဖုန်းလိုင်းမရတာနဲ့ ဘယ်ကပစ်တယ်ဆိုတာ တိတိကျကျမသိရသေးဘူး" ဟု ပြောသည်။

ထိုသို့လက်နက်ကြီးသံကြားရ၍  ဈေးထဲတွင် ဈေးရောင်းဈေးဝယ် နေကြသူများမှာ ကြောက်လန့်တကြား အိမ်ပြန်ပြေးလာကြရသည်ဟုလည်း သိရသည်။

တောင်ကုတ်ဒေသခံတစ်ဦးက "အခု ဈေးလည်းကွဲသွားပြီ။ ကြောက်ပြီးတော့ ဈေးက အကုန်ပြေးလာကြတယ်။ ဘယ်သူမှအိမ်ထဲကမထွက်ရဲတော့ဘူး။ အိမ်ထဲမှာတောင် လုံခြုံမယ့်နေရာတွေမှာ ဝင်ပုန်းနေကြရတယ်"ဟု ပြောသည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်၏ ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းနှင့် စကခ ၅ ဌာနချုပ် စသည့် တပ်ရင်းတို့တပ်စွဲထားပြီး ၎င်းစစ်တပ် တပ်ရင်းများကို ထိုးစစ်ဆင် တိုက်ခိုက်မည် ဖြစ်ကြောင်း အာရက္ခတပ်တော်က တရားဝင် ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ