တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပါကစ္စတန်တောင်ပိုင်းတွင် အမြန်ရထားလမ်းချော် တိမ်းမှောက်မှုဖြစ်ပွါး၊ လူပေါင်း ၃၀ ခန့် သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 483

ပါကစ္စတန်တောင်ပိုင်းတွင် တနင်္ဂနွေနေ့က အမြန်ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွါးခဲ့ရာ အနည်းဆုံး လူ ၃၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိသည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ကရာချိမြို့မှ ၁၇၁ မိုင်ကွာဝေးသော နာဝက်ရှားရှိ ဆာဟာရဘူတာရုံအနီးတွင် “ဟာဇရာ အိတ်စ်ပရက်စ်” အမြန်ရထားလိုင်းမှ တိမ်းမှောက်ပြီး တွန့်ခေါက်နေသော ရထားတွဲများကို မြင်တွေ့ကြရသည်။ ကယ်ဆယ်ရေးအဖွဲ့များက တွန့်ခေါက်နေသော ရထားတွဲအတွင်းမှ အသက်ရှင်ကျန်နေသူများကို ကယ်ထုတ်နေစဉ် ဒဏ်ရာရသူများကို အနီးရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ပါကစ္စတန်တွင် ဟောင်းနွမ်းနေပြီဖြစ်သော မီးရထားများ မကြာခဏ လမ်းချော် တိမ်းမှောက် တတ်သဖြင့် အဆန်းတကြယ် မဟုတ်တော့ဟု ဆိုသည်။ မီးရထားဝန်ကြီး ဆာအက် ရာဖစ်က ရထားမှာ ပုံမှန်အရှိန်ဖြင့် မောင်းနှင်နေစဉ် လမ်းချော်မှုဖြစ်ပွါးသဖြင့် တိမ်းမှောက်ရသည့် အကြောင်းရင်းမှန်ကို စုံစမ်းနေသည်ဟု ဆိုသည်။ ကရာချိမြို့မှ မီးရထားအရာရှိတစ်ဦးက ရထားတွဲ ရှစ်တွဲ လမ်းချော်တိမ်းမှောက်သွားခဲ့သည်ဟု ဆိုသည်။

“ ဘာဖြစ်သွားတယ်ဆိုတာ မသိလိုက်ဘူး။ ထိုင်နေတုန်းဖြစ်သွားတာ” ဟု ရထားတွဲအတွင်းမှ ဆွဲထုတ်ပြီး အပြင်ရောက်လာသူ အမျိုးသမီးတစ်ဦးကပြောသည်။ ဒဏ်ရာရသူများကို ပြုစုရန် နာဝက်ရှားဆေးရုံ နှင့် ဆင်းခရိုင်ဆေးရုံများကို အရေးပေါ်အခြေအနေကြေညာထားသည်ဟုဆိုသည်။

ဆိုရှယ်မီဒီယာများတွင် ဖော်ပြထားသော ဗီဒီယိုဖိုင်များအရ တိမ်းမှောက်နေသောရထားတွဲအနီး လူအများအပြားမြင်တွေ့ရပြီး အချို့မှာ ရထားတွဲများအတွင်းမှ တိုးထွက်လာနေသည်ကို မြင်တွေ့ရသည်။

ရထားတိမ်းမှောက်မှုကြောင့် ဆင်းခရိုင်အတွင်း ရထားပြေးဆွဲမှုများ ရပ်ဆိုင်းထားသည်ဟု သိရသည်။ ၂၀၂၁ ခုနှစ်ကလည်း ဆင်းပြည်နယ်တွင် ရထားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွါးခဲ့ပြီး လူပေါင်း ၄၀ ခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

​NN-27

ref:BBCWorld.

 

 

 

ဆက်စပ် သတင်းများ