တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောင်းသား ၁ ထောင်ကျော် အခမဲ့ပညာသင်နေသည့် ငပလီ ပုလဲရတနာဘုန်းကြီးကျောင်းတွင် အကူအညီများလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k


နိရ ဉ္စရာ၊ ဇွန် ၆/၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီမြို့ရှိ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းတက်နေသည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ယခင်ထက်ပိုများပြားလာသဖြင့် အကူအညီအထောက်အပံ့များ ပိုအပ်လာနေကြောင်း သိရသည်။
လက်ရှိအဆိုပါဘကကျောင်းတွင် Kg တန်းမှ ၁၂ တန်းအထိ ကျောင်းသား၊ ကျောင်းသူဦးရေစုစုပေါင်း ၁၃၀၀ ကျော်ရှိပြီး ယင်းအနက် ကျောင်းအိပ်ကျောင်းစားဦးရေ ၈၀၀ ကျော်ရှိသဖြင့် နေထိုင်ရန်အဆောင်များလည်း လိုအပ်နေကြောင်း သိရသည်။
ထို့အပြင် စားရေသောက်ရေးအတွက်လည်း တစ်လလျှင် ငွေကျပ်သိန်း ၁၀၀ ဖိုးခန့်ကို ဆန်ဝယ်ရန် ကုန်ကျနေရပြီး အလှူရှင်များမှာလည်း ယခင်နှစ်များကထက် အလာနည်းသဖြင့် အခက်အခဲများဖြစ်နေကြောင်း ပုလဲရတနာဘုန်းကြီးကျောင်းထိုင်ဆရာတော်ဦးဣိန္ဒစာရက မိန့်ကြားသည်။
"စေတနာရှင်တွေအားလုံးဝိုင်းဝန်းပြီးတော့ ဘုန်းကြီးအပေါ်မှာ ကူညီကြမယ်ဆိုရင် ရခိုင်ပြည်အတွက် ဒီထက်မက အလုပ်လုပ်ပေးလို့ရပါတယ်" ဟုပြောသည်။
ယခုနှစ်တွင် ကျောင်းသားဦးရေများလာသည့်အတွက် စာသင်ကြားသည့် ဆရာ၊ ဆရာမများကိုလည်း ယခင်နှစ်ကထက် တိုးချဲ့ခန့်ထားရပြီး ဆရာ၊ ဆရာမ အယောက် ၆ဝ အထိ ခန့်ထားရကာ ၄င်းတို႔အတွက် တစ်လလျှင် ကျပ်သိန်း ၆ဝ ထောက်ပံ့နေရကြောင်းလည်း သိရသည်။
အဆိုပါကျောင်းတွင် ရခိုင်ပြည်နယ်၊ မြို့နယ် ၁၇ မြို့နယ်မှ ကျောင်းသားကျောင်းသူများအပြင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူအများအပြားတို့လည်း အခမဲ့ပညာသင်ကြားနေကြောင်း သိရသည်။
အဆိုပါပုလဲရတနာဘကကျောင်းကို ၂၀၁၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်အထိ ရခိုင်နှင့် အနီးအနား တိုင်းနှင့် ပြည်နယ်များမှ ပညာသင်ကြားရန် ငွေကြေးချို့တဲ့သော ကျောင်းသား၊ ကျောင်းသူများ၏ အားထားစရာဘကကျောင်းတစ်ခုဖြစ်နေကြောင်း သိရသည်။
(NN-8)

ဆက်စပ် သတင်းများ