တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် ကမန်ကျောင်းသားများ ကျောင်းတက်ခွင့်ရရေး စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ပြည်နယ်ပညာရေးမှူးတို့အဖွဲ့ သွားရောက်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.8k

နိရဥ္စရာ၊ ဇွန် ၁၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သာယာကုန်းကမန်ကျေးရွာရှိ ကျောင်းတက်ခွင့်မရသေးသည့် ကမန်လူမျိုး အထက်တန်းကျောင်းသူ၊ ကျောင်းသားများကိစ္စကို စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ပြည်နယ်ပညာရေးမှူးဦးဆောင်သောအဖွဲ့က ယမန်နေ့တွင် သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်တို့အပါအဝင် စစ်တွေခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ဇွန်လ ၁၃ ရက် ညနေ ၃ နာရီခန့်က အဆိုပါကျေးရွာစာသင်ကျောင်းသို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရွာသားများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။
ယင်းသို့တွေ့ဆုံရာတွင် ကမန်လူမျိုးကျောင်းသူ၊ ကျောင်းသားများ ကျောင်းပုံမှန်တက်နိုင်အောင် ဆောင်ရွက်ပေးသွားမည်ဟု ဒေါ်အေးနုစိန်နှင့် ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်တို့က ပြောဆိုခဲ့ကြောင်း တွေ့ဆုံရာတွင်ပါဝင်ခဲ့သူ ရပ်မိရပ်ဖ ဦးမောင်နီသာက နိရ ဉ္စရာကိုပြောသည်။
“ကျောင်းမတက်ရပဲတော့မနေရဘူး။ ကျောင်းက မကြာခင်တက်ရမယ်။ အဓိကပြည်သူလူထုတွေ ကျောင်းတက်ရမယ်။ ကျောင်းလည်းတရားဝင်ဖြစ်ရမယ်။ အမြန်ဆုံးဖြစ်အောင်တာဝန်ပေး စီစဉ်ပေးမယ်လို့ ဒေါ်အေးနုစိန်က ပြောသွားပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ပြေပြေလည်လည်ဖြစ်သွားတဲ့အတွက် ဦးလေးတို့အနေနဲ့ ဝမ်းသာတယ်” ဟု ပြောသည်။
စစ်တွေမြို့နယ် သာယာကုန်းကမန်ကျေးရွာရှိ အထက(ခွဲ)ကျောင်းကို တရားမဝင်သေးဟုဆိုကာ ယခုအချိန်ထိဖွင့်လှစ်နိုင်ခြင်းမရှိသေး၍ သာယာကုန်းရွာအပါအဝင် သင်္ဂနက်နှင့် သက်ကယ်ပြင်စသည့် ကမန်ကျေးရွာ ၃ ရွာရှိ ကျောင်းသူ၊ ကျောင်းသား ၄၆ ဦးသည် ယနေ့အထိ ကျောင်းတက်နိုင်ခြင်းမရှိသေးဟု သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး အဆိုပါအဖွဲ့သည် ယမန်နေ့တွင် သွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး ကျောင်းတွင် ခန့်အပ်ထားသည့်စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများအစား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ချပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်းလည်း ယင်းကျေးရွာမှ ဆရာမတစ်ဦးဖြစ်သူ ဒေါ်ညိုညိုအေးက နိရဥ္စရာကိုပြောသည်။
“ဘယ်အချိန်မှာ ဖွင့်မယ်လို့တော့ မပြောခဲ့ဘူး။ မြို့နယ်ပညာရေးမှူးနဲ့ ညှိနှိုင်းပြီးတော့ လုပ်ပါ။ ဒီအထက်တန်းကျောင်းသား ၄၆ ယောက်ကို စာသင်ဖို့အတွက် ဆရာ၊ ဆရာမတွေကိုလည်း မြို့နယ်ပညာရေးမှူးက လုပ်ပေးလိမ့်မယ်လို့ ပြောခဲ့တယ်” ဟု ပြောသည်၊၊
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကလည်း "ဘယ်လိုလုပ်ပေးမလဲဆိုတာတော့ စီစဉ်မယ်။ စီစဉ်နေတယ်။ နည်းလမ်းတစ်မျိုး။ နှစ်မျိုးတော့ရှိတယ်။ နောက်မှ အစီအစဉ်ချမယ်။ လောလောဆယ်တော့ပြောဖို့ စောသေးတယ်"ဟု ယမန်နေ့က နိရ ဉ္စရာကို ပြောဆိုထားသည်။
သာယာကုန်းကမန်ကျေးရွာမှ ကျောင်းသူ၊ ကျောင်းသားများသည် ယခင်က ရွာအတွင်း ကျောင်းဆောင်မရှိ၍ ရွာနှင့် ၂ မိုင်ခန့်ဝေးသည့် သက်ကယ်ပြင်မူဆလင်ကျေးရွာရှိ အထက(၁ဝ)သို့သွားရောက်ပညာသင်ကြားကြရသည်ဟု သိရသည်။
လမ်းခရီးဝေး၍ ကျောင်းသူ၊ ကျောင်းသားများအဆင်ပြေစေရန် အလယ်တန်းနှင့် အထက်တန်းစာသင်ကျောင်း ၂ ဆောင်ကို ၂၀၁၈ ခုနှစ်တွင် ပညာရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရခိုင်ပြည်ဝန်ကြီးချုပ် ဦးညီပုတို့အပါအဝင်၊ ပြည်နယ်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူး၊ ခရိုင်မှူးများ ကိုယ်တိုင်လာရောက်ပြီး ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ရွာသားများနှင့် ကျောင်းသားမိဘများက ပြောသည်။
လက်ရှိတွင် သာယာကုန်းရွာရှိ မူလတန်းနှင့် အလယ်တန်းကျောင်းသူ/သားများသည် စစ်တပ်ဝင်းထဲရှိ အလက(၉)ကျောင်းတွင် သွားရောက်ပညာသင်ယူလျက်ရှိသည်ဟု သိရသည်။ (NN-12)
ဓာတ်ပုံ - သာယာကုန်းကျေးရွာသားတစ်ဦးနှင့် နိရဥ္စရာ

ဆက်စပ် သတင်းများ