တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့၏ နေ့သင်တန်းစာမေးပွဲစစ်မည့်ရက် ပြောင်းလဲသတ်မှတ်လိုက်၍ နယ်မှလာတက်သူများတွင် အခက်အခဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.5k

နိရဉ္ဇရာ၊ ဇွန် ၂၄/၂၀၂၂
တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တို့၏ နေ့သင်တန်းစာမေးပွဲစစ်မည့်ရက်ကို ပြောင်းလဲသတ်မှတ်လိုက်၍ နယ်မှလာတက်သူများတွင် အခက်အခဲဖြစ်ရသည်ဟု သိရသည်။
အဆိုပါတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တို့ကို ယခုနှစ် စဖွင့်စဥ်က လာမည့် သြဂုတ်လ ၁ ရက်နေ့တွင် စာမေးပွဲစတင်စစ်မည်ဟုကြေညာထားခဲ့သော်လည်း ယခုအခါ သြဂုတ်လ ၁၇ ရက်တွင်သာ စတင်စစ်တော့မည်ဟု ဇွန်လ ၂၂ ရက်၌ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်လိုက်သည့်အတွက် မြို့ပေါ်ထက် နယ်ဝေးမှလာရောက်တက်ရသည့်ကျောင်းသူ၊ ကျောင်းသားများအတွက် နေစရိတ်၊ စားစရိတ်နှင့် အခြားကုန်ကျစရိတ်များ ရက်တာရှည်သလောက် ပိုမိုကုန်ကျသွားမည်ဖြစ်၍ အခက်အခဲများဖြစ်ရသည်ဟု စစ်တွေတက္ကသိုလ်သို့ ကျောက်တော်မှလာတက်သည့် ရုက္ခဗေဒမေဂျာ ပထမနှစ်ကျောင်းသူ မပိုင်ပိုင်စိုးက နိရဉ္ဇရာကို ပြောသည်။
"မြို့က ကျောင်းသူ၊ ကျောင်းသားတွေလည်း အကုန်အကျများနိုင်တာပဲလေ။ ဒီလိုမျိုး စစ်တွေမြို့ပေါ်ကမဟုတ်တဲ့ကျောင်းသား၊ ကျောင်းသူတွေကတော့ ပိုပြီးတော့ အကုန်အကျများနိုင်ပါတယ်။ ကျောက်တော်ဆိုရင်လည်း ကျောက်တော်နယ်က နည်းနည်း အဝေးကလာရတဲ့၊ ရပ်ဝေးကလာရတဲ့၊ နည်းနည်းခေါင်တဲ့ဒေသကလာရတဲ့သူတွေဆိုလို့ရှိရင် ပိုပြီးအဆင်မပြေတာတွေဖြစ်ပါတယ်"ဟု ပြောသည်။
မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်လိုက်သည်ဆိုသည်ကိုမူ အကြောင်းကြားစာတွင် ဖော်ပြထားခြင်းမရှိပေ။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေတက္ကသိုလ်ကျောင်းသားရေးရာဌာနမှူး ဦးကျော်နိုင်ဦးကို နိရဉ္ဇရာက ယနေ့ညနေတွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
မပိုင်ပိုင်စိုးက "စာမေးပွဲစစ်ဖို့အခြေအနေ အဆင်သင့်မဖြစ်သေးဘူးလို့တော့ ထင်ပါတယ်။ အဲဒါကြောင့် ဖြစ်မယ်ထင်ပါတယ်"ဟု ဆက်ပြောသည်။
ယင်းသို့သတ်မှတ်လိုက်ကြောင်း အကြောင်းကြားစာကို ယမန်နေ့ကမှသိရှိရသည်ဟုလည်း စစ်တွေတက္ကသိုလ် ရူပဗေဒမေဂျာကျောင်းသားတစ်ဦးက နိရဉ္ဇရာကို ပြောသည်။
"ဘာကြောင့် ပြောင်းလဲသတ်မှတ်လိုက်တာလဲတော့ မပြောတတ်ဘူး"ဟု ပြောသည်။
ယခုပြောင်းလဲသတ်မှတ်လိုက်သည့် နေ့သင်တန်းစာမေးပွဲကို သြဂုတ်လ ၁၇ ရက်မှ သြဂုတ်လ ၂၆ ရက်အထိ(စနေနေ့အပါအဝင်)စစ်ဆေးသွားမည်ဟု ဆိုထားသည်။ (NN-2)

ဆက်စပ် သတင်းများ