တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေရှိ ကမန် ကျောင်းသားများ ကျောင်းဖွင့်ပြီးနောက် ၁ လကြာသည်အထိ ကျောင်းတက်ခွင့်မရသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 4.8k

နိရဥ္စရာ၊ ဇွန် ၂၈/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သာယာကုန်းကျေးရွာရှိ ကမန်ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာကျောင်းများဖွင့်ပြီးနောက် ၁ လကြာသည်အထိ ကျောင်းတက်ခွင့်မရကြသေးဟု ကျေးရွာရပ်မိ၊ ရပ်ဖ ဦးမောင်နီသာက နိရဥ္စရာကိုပြောသည်။
"ကျောင်းကဖွင့်ပြီးလားဆိုတော့ မဖွင့်သေးဘူး။ ကျောင်းအပ်လို့ရပြီ၊ ကျောင်းသားလက်ခံလို့ရပြီဆိုတဲ့အကြောင်းကိုလည်း ပြည်နယ်ပညာရေးမှူးက အကြောင်းမပြန်သေးဘူး”ဟု ပြောသည်။
သာယာကုန်းကျေးရွာရှိ အထက(ခွဲ)ကျောင်းကို ၂၀၁၈ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရခိုင်ပြည်ဝန်ကြီးချုပ် ဦးညီပုတို့အပါအဝင် ပြည်နယ်/ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ ကိုယ်တိုင်လာရောက်ပြီး ဆောက်လုပ်ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။
သို့သော် အဆိုပါကျောင်းသည် တရားဝင်ကျောင်းမဟုတ်သေးဟုဆိုကာ မြို့နယ်ပညာရေးမှူးက ယခုနှစ် စာသင်နှစ်တွင် ယင်းကျောင်းအတွင်း ကျောင်းအပ်ခွင့်နှင့် ကျောင်းတက်ခွင့်တို့ကို တားမြစ်ခဲ့သည်။
ယင်းသို့တားမြစ်ခဲ့သည့်အတွက် အဆိုပါကျောင်းတွင် ယခုနှစ်တက်ရောက်ကြရမည့် သာယာကုန်းရွာအပါအဝင် သင်္ဂနက်နှင့် သက်ကယ်ပြင်စသည့် ကမန်ကျေးရွာ ၃ ရွာရှိ ကျောင်းသူ၊ ကျောင်းသား ၄၆ ဦးသည် ယနေ့အထိ ကျောင်းတက်နိုင်ခွင့်မရဘဲဖြစ်နေကြသည်ဟု ကျောင်းသားမိဘများက ပြောသည်။
ယင်းကျောင်းသူ၊ ကျောင်းသားများ ကျောင်းတက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ပြည်နယ်ပညာရေးမှူးဦးဆောင်သောအဖွဲ့က ဇွန်လ ၁၃ ရက်တွင် ယင်းရွာသို့ကွင်းဆင်းစစ်ဆေးစဉ် ပြောဆိုသွားခဲ့သော်လည်း လက်ရှိအချိန်ထိ ကျောင်းတက်ခွင့်မရဘဲဖြစ်နေသေးသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က နိရဥ္စရာကို ပြောသည်။
"ကျောင်းကတော့ မဖွင့်သေးဘူး။ ဒါပေမဲ့ ပြည်နယ်ပညာရေးမှူးကတော့ ကျောင်းတက်မယ့် ကျောင်းသား၊ ကျောင်းသူအရေအတွက်ကို စာရင်းကောက်ယူခိုင်းထားတယ်"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကို ဆက်သွယ်ရာ သူက စစ်တပ်ဝင်းထဲရှိ အလက(၉)ကျောင်းတွင် တွဲဘက်အနေဖြင့် တက်ရောက်သင်ကြားနိုင်ရန် ယင်းကျောင်းရှိ စာသင်ခန်းများကို လာမည့် စနေနှင့် တနင်္ဂနွေနေ့များတွင် အပြီးပြန်လည်ပြုပြင်နေပြီဟု ပြောသည်။
"အလက(၉)မှာ အခုငါကိုယ်တိုင်သွားပြီး စာသင်ခန်းပြင်ဆင်နေတယ်။ ကျောင်းသားတွေကို ကျောင်းသားစာရင်းသွင်းဖို့ ကျောင်းအုပ်ဆရာကြီးကိုလည်း အပ်ထားခဲ့တယ်။ အထက်တန်းပြ ဆရာ၊ ဆရာမ ၄ ယောက် အမိန့်အော်ဒါထုတ်ထားတယ်။ အဲ့ဒီ အလက(၉)မှာ တွဲဖက်ကျောင်းအနေနဲ့ သင်သွားမှာဖြစ်တယ်"ဟု ပြောသည်။
လက်ရှိတွင် သာယာကုန်းရွာရှိ မူလတန်းနှင့် အလယ်တန်းကျောင်းသူ/သားများသည်လည်း အလက(၉)ကျောင်းတွင် သွားရောက်ပညာသင်ယူလျက်ရှိသည်ဟု သိရသည်။
တစ်နိုင်ငံလုံးရှိအခြေခံပညာသင်ကျောင်းများကို ဇွန်လ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃ ထောင်ကျော်၊ ဘကကျောင်း (၅ဝ)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၅ဝ)တို့ကို ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်သည်။ (NN-12)

ဆက်စပ် သတင်းများ