တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေ မြို့သူကြီးရပ်ကွက် လဘက်ရည်ဆိုင်တစ်ခုမှ လူငယ် ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

( နှစ်ရက်အတွင်း လူငယ် ၂၁ ဦးဖမ်းဆီးခံရ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်ရှိ လဘက်ရည်ဆိုင်တစ်ခုမှ လူငယ် ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ ၁ ရက်၊ ညနေ ၃ နာရီခန့်၌  စစ်ကောင်စီတပ်က မြို့သူကြီး ရပ်ကွက်ရှိ Winner ကိုယ်ပိုင် အထက်တန်းကျောင်းရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေကြသူများအနက် လူငယ် ၁၀ ဦးကို ဖမ်းဆီးသွားသည်ဟု မျက်မြင်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"စစ်ကားလာတယ်။ ဖမ်းခံရတဲ့သူတွေကို လက်မြှောက်ခိုင်းပြီး ကားပေါ် တင်သွားတယ်။ အဲဒီဖမ်းခံရတဲ့ လူတွေက ဘာမှလုပ်တာမဟုတ်ပါဘူးဗျာ" ဟုပြောသည်။

ယင်းသို့ဖမ်းဆီးမှုများလာသည့်အတွက် မိဘများမှာ သားသမီးများအတွက် စိုးရိမ်ပူပင်နေရသည်ဟု စစ်တွေမှ မိခင်တစ်ဦးက ပြောသည်။

"သားတွေက လက်ဖက်ရည်ဆိုင်ထိုင်တယ်။ ခုလမ်းသွားတဲ့ကလေးတွေကို မသင်္ကာရင် ဆွဲဖမ်းတယ်ဆိုတော့ ကျမအနေနဲ့ သားသမီးတွေ အလုပ်သွားတဲ့အချိန်ကျရင် စိတ်ပူမိတယ်" ဟုပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ ကယ်ဆယ်ရေးတွင်  နေ့လယ် ၁၂ နာရီခန့်က ရပ်ကွက်ထဲမှ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေကြသည့် လူငယ် ၁၁ ဦးကို စစ်ကောင်စီ တပ်သားများက ဝင်ရောက်ဖမ်းဆီးသွားပြီး စစ်တွေရှိ ခလရ ၂၀ တပ်ထဲသို့ခေါ်ဆောင်သွားကြောင်း သိရသည်။ (NN-11)

ဆက်စပ် သတင်းများ