သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေ မိဇံရပ်ကွက်တွင် (၂၉) ကြိမ်မြောက်် ဆွမ်းတော်ကြီးလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.8k

မြထွီးသျှင်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၇/ ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မိဇံရပ်ကွက်တွင် (၂၉) ကြိမ်မြောက် ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့နံနက်က မြို့ပေါ်မှ သံဃာတော်အပါး ၂၂၀ ကျော်နှင့် မယ်သီလရှင်အပါး ၁၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းမှ ဆရာတော်ကြီးများဦးဆောင်ပြီး ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၉ နာရီမှစတင်ကာ မိဇံရပ်ကွက်ရှိ လမ်းများကို လှည့်လည်ကာ ဆွမ်းခံကြွခဲ့ကြခြင်းဖြစ်သည်။
ထိုဆွမ်းလောင်းလှူပွဲတော်ကို စစ်တွေမြို့ရှိ မိဇံရပ်ကွက်တွင် နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ခြင်းဖြစ်ပြီး ကိုဗစ်နှင့်စစ်ပွဲကြောင့် လွန်ခဲ့သော ၂ နှစ်တွင် ရပ်နားထားခဲ့ရကာ ယခုနှစ်တွင် ပြန်လည်လောင်းလှူခွင့်ရခဲ့ကြောင်း ဆွမ်းလောင်းလှူပွဲကို ကြီးကြပ်စီစဉ်သူ ဦးထွန်းရွှေမောင်က နိရဥ္စရာသို့ပြောသည်။
“ရွာကလူတွေ အကုန်လုံးကလည်း လူတွေသဒ္ဓါတရားထက်သန်ကြတယ်။ ဆွမ်းလောင်းလှူကြတဲ့သူတွေကလည်း များတော့ အကုန်လုံး စည်စည်ကားကားနဲ့ဖြစ်နေပါတယ်” ဟု ပြောသည်။
မိဇံရပ်ကွက်တွင် ၂၀၀၅ ခုနှစ်မှစတင်ကာ သီတင်းကျွတ်လဆန်း ၁၄ ရက်နှင့် တန်ဆောင်မုန်းလဆန်း ၁၄ ရက်တို့၌ ဆွမ်းလောင်းလှူပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
စစ်တွေမြို့တွင် ယခုကဲ့သို့ဆွမ်းလောင်းလှူပွဲများကို သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလတို့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပတတ်ကြသည်။
နိုဝင်ဘာလ ၁၈ ရက်တွင်ကျရောက်သည့် တန်ဆောင်မုန်းလပြည့်နေ့ နံနက်တွင်လည်း စစ်တွေမြို့ ဝင်္ကပါကွင်းတွင် မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲကို စည်စည်ကားကားကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ