သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြောက်ဦးရှိ သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်ဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်ကို လူပေါင်း သောင်းနှင့်ချီ ပါဝင်ဆင်နွှဲ လျက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.8k

နိရဉ္စရာ၊ မေ ၁၆ /၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်ဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပြိုင်လောင်းပွဲ (လှေပြိုင်ပွဲ) နှင့် ရိုးရာကျင်ပွဲများကို ၃ ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး လူပေါင်းသောင်းနှင့်ချီ၍ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အဆိုပါပွဲတော်ကို မေလ ၁ ၄ ရက်နေ့မှ စတင်ပြီး မေလ ၁၆ ရက်နေ့အထိ (ကဆုန်လပြည့်နေ့မှ လပြည့်ကျော် ၂ ရက်အထိ) (၃ ) ရက်တိုင်တိုင် ကျင်းပပြုလျက်ရှိပြီး မိမိတို့၏ဓလေ့ရိုးရာထုံးစံများ ကွယ်ပျောက်မသွားစေရန်အတွက်ကျင်းပရခြင်းဖြစ်သည်ဟု သျှစ်သောင်းဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက နိရဥ္စရာကိုပြောသည်။
"ဘုရားပွဲတော်ကို မကျင်းပရတာကြာပြီဖြစ်တဲ့အတွက် လာရောက်လည်ပတ်သူတွေသောင်းနဲ့ချီပြီး တော်တော်စည်တာကိုတွေ့ရတယ်။ ဒီဘုရားပွဲတော်မှာ ရိုရားဓလေ့ကွယ်ပျောက်မသွားအောင် ကျင်ပွဲတို့၊ ရိုးရာလှေပြိုင်ပွဲတွေထည့်သွင်းကျင်းပထားတယ်" ဟုပြောသည်။
ပွဲတော်အတွင်း ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို မတ်လ ၁၄ ရက်နေ့က ထည့်သွင်းကျင်းပခဲ့ပြီး ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပလျက်ရှိသည်ဟု သိရသည်။
ပြိုင်လောင်း (လှေ)ပြိုင်ပွဲတွင် လက်တောင်အရှည် ၁၂ လံ အရှည်လှေ၊ ၈ လံ အရှည်လှေနှင့် ၆ လံ အရှည်လှေများဖြင့် အတန်း(၃) တန်းသတ်မှတ်ကာ ယှဥ်ပြိုင်သွားမည်ဖြစ်သလို ရိုးရာကျင်ပွဲတွင်လည်း ရခိုင်တစ်ပြည်လုံးမှ ကျင်သန်ကြီးများကို ဖိတ်ကြားထားသည်ဟု သိရသည်။
ပြိုင်လောင်း (လှေ) ပြိုင်ပွဲတွင် ၁၂ လံ လှေပြိုင်ပွဲ ပထမဆုကို ကျပ် ၂၅ သိန်း၊ ဒုတိယဆု ၂၃ သိန်း၊ ၈ လံအရှည် လှေပြိုင်ပွဲတွင် ပထမဆု ၂၂ သိန်း၊ ဒုတိယဆု ၂၀ သိန်းနှင့် ၆ လံအတန်းတွင် ပထမဆု ၂၀ သိန်းနှင့် ဒုတိယဆု ၁၈ သိန်း ချီးမြှင့်သွားမည်ဟု သိရသည်။
ရခိုင်ရိုးရာကျင်ပွဲတွင် အကြီးတန်း ပထမဆု ကျပ် ၁၄ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယ ဆု ၆ သိန်းနှင့် စတုတ္ထဆု ၄ သိန်းစီ ချီးမြှင့်သွားမည်ဖြစ်သည်။
ကျင်ပွဲအလတ်တန်းတွင် ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ၈ သိန်း၊ တတိယ ဆု ၅ သိန်းနှင့် စတုတ္ထဆု ၃ စီချီးမြှင့်ကာ တတိယတန်းတွင် ပထမဆု ကျပ် ၈ သိန်း၊ ဒုတိယဆု ၆ သိန်း၊ တတိယဆု ၄ သိန်းနှင့် စတုတ္ထဆု ၃ သိန်းစီ အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
မြောက်ဦး ဘုရားများပွဲတော်သည် မိုးမကျမီ ပြုလုပ်သည့် ရခိုင်ပြည်မှ နောက်ဆုံး ဘုရားပွဲတော်တစ်ခုဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများ လာရောက်ကြသဖြင့် အလွန်စည်ကားတတ်သည့်ပွဲဖြစ်သည်။
ပွဲတော်ရက်အတွင်း သင်္ဂနဒီမြစ် (လက်ရှိ မြောက်ဦးချောင်း) အတွင်း ပြုလုပ်သည့် လှေပြိုင်ပွဲတွင် လူပေါင်းထောင်သောင်းချီကာ ရေပက်ကစားကြသည်ဟုလည်း သိရသည်။ (NN-9)

ဆက်စပ် သတင်းများ