သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်းပြားမြို့တည် နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်စေတီတော် ဌာပနာပိတ်ပွဲကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဥ္စရာ၊ ဩဂုတ် ၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တည် နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်စေတီတော်ကို ယမန်နေ့က ဌာပနာပိတ်ပွဲကျင်းပခဲ့ကြသည်ဟု သိရသည်။
မင်းပြားမြို့၊ ဦးဉတ္တမပန်းခြံတွင်တည်ထားလျက်ရှိသည့် အဆိုပါစေတီတော်ဌာပနာပိတ်ပွဲကို ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၇ နာရီ မှ ၉ နာရီအထိ နာယက ဆရာတော်ကြီး ၁၁ ပါးကိုပင့်ဖိတ်ကာ ဦးဆောင်ကော်မတီဝင်များ၊ လှုမှုရေးအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုကော်မတီဝင်များနှင့်အတူ ရပ်မိရပ်ဖများက ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စေတီတော်ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် ဦးလှမောင်သာက "အခုချမဲ့ဌာပနာကို အလယ်ဌာပနာလို့လည်း ခေါ်တယ်။ သတ္တဌာပနာ ဌာပနာပိတ်ပွဲ ဆိုလည်း ရတယ်။ ကျွန်တော်တို့မှာအထင်ကရဖြစ်တဲ့ နှစ်(၁၅၀)ပြည့်စေတီတော်ကို မတည်ပြီး အခုလိုပူးပေါင်းဆောင်ရွက်တာဟာ သတ္တဌာပနာအဆင့်အထိရောက်လာခဲ့ပြီဖြစ်လို့ အောင်အောင်မြင်မြင်နဲ့ စေတီတော်ကိုပူဇော်နိုင်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်" ဟုပြောသည်။
မင်းပြားမြို့တည် နှစ်(၁၅ဝ)ပြည့်စေတီတော်ကို ၂ဝ၁၈ ခုနှစ်၊ ဧပြီလက စတင်တည်ဆောက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်ပိုင်းတစ်စဖြင့် ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။
၅ နှစ်ခန့်ကြာ တည်ဆောက်မှုရပ်တန့်ထားခဲ့ရပြီးမှ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်တွင် ပြန်လည်တည်ထားပူဇော်နေကြခြင်းဖြစ်သည်။
မင်းပြားမြို့ခံ ယဉ်ကျေးမှုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးအောင်ကျော်စိန်ကလည်း "စေတီတော်ကြီး တည်တန့်ခိုင်မြဲရေးမှာ အခုလိုအထမြောက်အောင်ဝိုင်းဝန်းလုပ်ဆောင်ကူညီပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုးကွယ်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်" ဟုပြောသည်။
စေတီတော်တည်ထားပူဇော်ရာတွင် ခန့်မှန်းခြေအရ ကျပ်ငွေ သိန်း (၁၅၀)အထိ ကုန်ကျမည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် ကျပ်သိန်း (၇၀) ကျော်ခန့်သာရရှိနေသေးသည့်အတွက် စေတနာရှင်များအနေဖြင့်လည်း တတ်အားသရွေ့ပါဝင်လှူဒါန်းနိုင်သည်ဟု သိရသည်။
မင်းပြားမြို့ကို ၁၈၆၇ ခုနှစ်၊ မတ်လတွင် စတင်တည်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် နှစ်ပေါင်း (၁၅ဝ)ပြည့်မြောက်ခဲ့သည့်အတွက် အဆိုပါစေတီကို စတင်တည်ထားခဲ့ခြင်းဖြစ်သည်။
မင်းပြားမြို့ရှိ ဦးဥတ္တမပန်းခြံတွင် လွန်ခဲ့သည့် နှစ် ၅၀ ခန့်ကလည်း မြို့တည် နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်စေတီတော်တစ်ဆူကို တည်ထားကိုးကွယ်လျက်ရှိကြောင်း သိရသည်။ (NN-13)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

ဆက်စပ် သတင်းများ