သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အိန္ဒိယတွင် ပျံလွန်တော်မူသွားသည့် ရခိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရအားရည်စူး၍ တစ်လပြည့်အောက်မေ့ဖွယ် ဆွမ်းဆက်ကပ်လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 10.3k


နိရဥ္စရာ ၊ စတင်ဘာ ၆/၂၀၂၂

အိန္ဒိယနိုင်ငံ၊ နာလန္ဒာမြို့တွင် သီတင်းသုံးနေစဉ် ပျံလွန်တော်မူသွားသည့် ရခိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရအား ရည်စူး၍ တစ်လပြည့်အောက်မေ့ဖွယ် အထိမ်းအမှတ်အလှူဒါနတစ်ခုကို ယမန်နေ့က ရန်ကုန်တွင်ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့ရှိ  မြောက်ဒဂုံမြို့နယ် ဗိုလ်ဗထူးလမ်း (၄၂)ရပ်ကွက်၊  ဓမ္မစက္ကဝိဟာရ မိဂဒါဝုန်ကျောင်းတွင် စတင်ဘာလ ၅ ရက်နေ့ နံနက် ၁ဝ နာရီခွဲက ပင့်ဖိတ်ထားသည့်ဆရာတော်ကြီး ၁၅ ပါးအပါအဝင်၊ သက်ဆိုင်ရာတပည့်ရဟန်းသံဃာတော် အပါး ၉၀ နှင့် မယ်သီလရှင် ၈ ပါးတို့အား ဆရာတော်ကြီး၏တပည့် ရဟန်းသံဃာများနှင့် တကာ၊ တကာမများကစုပေါင်းပြီး သံဃာ့ဒါနဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်ဟု သိရသည်။

ဆရာတော်ကြီး၏တပည့်ဖြစ်သူ အခမ်းအနားမှူး ဗုဒ္ဓဂယာဓမ္မရိပ်ဆရာတော် ဒေါက်တာအရှင် ဉာဏဒဿနက "ဆရာတော်ဘုရားရဲ့ကျေးဇူးတရားတွေကလည်းပဲ ဘုန်းဘုန်းတို့ ဒီမဇ္ဈိမဒေသ အိန္ဒိယတစ်ခွင်မှာလည်းပဲ အင်မတန်ကြီးမားပါတယ်။ ဆရာတော်ဘုရားရဲ့ ကျေးဇူးတရားနဲ့ကင်းတဲ့သူရယ်ဆိုတာ အင်မတန်မှရှားပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဆရာတော်ရဲ့ ကျေးဇူးတရား ဦးထိပ်ပန်ဆင်ပြီးတော့ အခုလို သံဃာ့ဒါနဆွမ်း ဆက်ကပ်လှူဒါန်းရခြင်းဖြစ်ပါတယ်"ဟု နိရဥ္စရာကို မိန့်သည်။

မိဂဒါဝုန်ဆရာတော်၊ ရွှေစာရံဆရာတော်၊ လယ်တီရိပ်သာဆရာတော်၊ ဆရာတော် ဦးသုပီယ၊ သာသနဟိတဆရာတော်၊ မဟာဗောဓိဓမ္မရိပ်သာဆရာတော်၊ ဓမ္မိကာရုံဆရာတော် (မဟန)၊ အောင်မြေရတနာဆရာတော်၊ ဆရာတော်ဦးဝါသဝ၊ အလိုတော်ပြည့်ဓမ္မစရိယတက္ကသိုလ်နာယကချုပ်၊ ဆရာတော်သုဒ္ဒရ၊ ဆရာတော်ဉာဏသာမိ (ဘန္တေ)၊ ဆရာတော် ဦးယသ (ထောက်ကြန့်)၊ ဆရာတော် ဦးအာဒိစ္စ (တ/ဥက္ကလာပ)နှင့် အောင်ဆန်းဆရာတော် စသည့် ဆရာတော်ကြီး ၁၅ ပါးအပါအဝင်၊ ဆရာတော်ကြီး၏ တပည့်ရဟန်းသံဃာတော်ဆရာတော်များ၊ အိန္ဒိယနိုင်ငံမှ စာသင်ပြီးပြန်လာသည့်ရဟန်းများ၊ ဇနိတာရာမ သီလရှင်ကျောင်းတိုက် (သန်လျင်)မှ အမှူးပြုသော မယ်သီလရှင် ၈ ပါးတို့အား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယင်းအပြင် အခမ်းအနားတွင် ဆရာတော်ကြီး ၁၅ ပါးအား  ဂုဏ်တော်သင်္ကန်းနှင့် နာဝကမ္မဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီး၏ တပည့်ရဟန်းသံဃာတော်များကိုလည်း အလှူငွေဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်ကြီး၏ အောက်မေ့ဖွယ်ရာကျေးဇူးတရားများ၊ အတ္ထုပ္ပတ္တိများကိုလည်း အနုပညာရှင်များဖြစ်ကြသည့် ရွှေတံဆိပ်ဆုရှင် စိမ်းလဲ့လဲ့၊ စန္ဒရားပညာရှင် ကျော်သူဝင်း၊ ရခိုင်တေးသံရှင် မိုးဝသန်နှင့်  တခြားအနုပညာရှင်များက ဖော်ကျူးသီဆိုခဲ့ကြသည်ဟုလည်း သိရသည်။

ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာလင်္ကာရသည် သက်တော် ၇၈ နှစ်၊ သိက္ခာတော် ၅၈ ဝါအရောက် ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်၊ စနေနေ့တွင် လူကြီးရောဂါဖြင့် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် နာလန္ဒာမြို့၊ တရုတ် မြန်မာကျောင်း (လက်ရှိသတင်းသုံးနေထိုင်တော်မူသည့်ကျောင်း)၌ ဘဝနတ္ထံ ပျံလွန်တော်မူသွားခြင်းဖြစ်သည်။

ဆရာတော်ဘုရားကြီး၏ ပျံလွန်တော်မူသည့်အပေါ် တပည့်ရဟန်းသံဃာတော်များအနေဖြင့် အိန္ဒိယနိုင်ငံသာသနာပြုလုပ်ငန်းများအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု မိဂဒါဝုန်ကျောင်းတိုက်ဆရာတော်ဘုရားက မိန့်ကြားသည်။

ဆရာတော်ကြီး အိန္ဒိယရောက်သွားတော့ အင်္ဂလိပ်စာ (Grammar )များကို တစ်ပါးတည်း လူမျိုးမရွေး၊ ဘာသာမရွေး၊ အထူးသဖြင့် ရဟန်းသံဃာတော်တွေ၊ ကိုယ့်လူမျိုးလူငယ်တွေကို မြေတောင်မြောက်ပေးတဲ့နေရာမှာ နံပါတ် ၁ လို့တောင်သတ်မှတ်လို့ရပါတယ်။ အထူးသဖြင့် လေးစားပါတယ်" ဟုမိန့်သည်။

ဆရာတော်ကြီးသည် တပည့်ရဟန်းသံဃာတော်များကို ပညာသင်ပေးရုံသာမက နေရာမရရှိသည့် ရဟန်းသံဃာတော်များကိုလည်း ဆရာတော်ကြီး၏ကျောင်းတော်တွင် နေရာချပေးတတ်ပြီး ထိုကဲ့သို့စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်တစ်ပါး နောက်ထပ်ပြန်ပေါ်လာမည်ဆိုသည်မှာ မလွယ်ကူတော့ဟု မိန့်သည်။

ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာလင်္ကာရလောင်းလျာကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တောင်ဦးရွာတွင် ခမည်းတော် ဦးထွန်းအောင်၊ မယ်တော် ဒေါ်ဝမ်းဖြူတို့က ၁၃၀၆ ခုနှစ်၊ ပြာသိုလ်လပြည့်ကျော် (၁၄)ရက်၊ ကြာသပတေနေ့ (၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)တွင်ဖွားမြင်တော်မူပြီး မွေးချင်းမောင်နှမ နှစ်ယောက်တွင် အကြီးဆုံးသားဦးရတနာဖြစ်ကာ ငယ်နာမည်မှာ မောင်မြစိန်ဖြစ်သည်။

ဆရာတော် လောင်းလျာသည်ငယ်စဉ်က လောင်မီးရွာ ဆရာတော်အသောကထံတွင် အခြေခံပညာများကိုလေ့လာသင်ယူခဲ့သည်။

ယင်းနောက် စစ်တွေရှိ ပြည်တော်ပြန်ကျောင်းတိုက်၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဓညဝတီသာသနာပြု ကျောင်းတိုက်၊ စမ်းချောင်းမြို့ ဗားကရာကျောင်းတိုက်၊ ပိန္နဲကျောင်းတိုက်တို့တွင်သီတင်းသုံး၍ ပထမငယ်၊ ပထမလတ်နှင့် ပထမကြီးစာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့သည်။

ယင်းသို့အောင်မြင်ပြီးနောက် အိန္ဒိယနိုင်ငံရှိ နာလန္ဒတက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူခဲ့ရာ B.A, M.A, Ph.D ဘွဲ့များကိုအောင်မြင်ရယူပြီးနောက် ဒေါက်တာ ပညာလင်္ကာရ ဟုထင်ရှားလာခဲ့ခြင်း ဖြစ်သည်။ (NN - 13)

ဆက်စပ် သတင်းများ