သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်တော် မဟာမုနိဘုရားရှိ ဆွေးမြေ့နေသော တိုင်များ ပြုပြင်ရန် အလှူငွေများလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.1k

ဇော်ဝင်းဌေး (ငခူချောင်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁ /၂ဝ၂ဝ
 
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး မဟာမုနိဘုရားရှိ ဆွေးမြေ့နေပြီဖြစ်သည့်တိုင်များအားပြုပြင်ရန် အလှူငွေများလိုအပ်နေကြောင်း သတင်းရရှိသည်။
 
မဟာမုနိဘုရား၏ မြောက်ဘက်စောင်းတန်းရှိ  ဘုရင်တက်လမ်းတွင်ရှိသော တိုင်များအနက် တိုင်အလုံးပေါင်း ၄၆ သည် နှစ်ကာလကြာမြင့်လာပြီဖြစ်၍ တိုင်များ၏အောက်ခြေတွင် ဆွေးမြေ့ ပျက်စီးနေပြီဟု ဂေါပကဥက္ကဋ္ဌ ဦးညိုသာလှက နိရဥ္စရာသို့ ပြောသည်။
 
လက်ရှိတွင် ပျက်စီးနေသည့်တိုင်အောက်ခြေများကို ကွန်ကရစ်များဖြင့်ပြန်လည်ပြုပြင်နေရ၍ အလှူငွေများလိုအပ်နေခြင်းဖြစ်သည်ဟု ဘုရားဂေါပကအဖွဲ့က ပြောသည်။
 
“မြောက်ဘက်က ပျဉ်းကတိုးတိုင်တွေ အခြေပြတ်နေလို့ မြို့နယ်သံဃာ့နာယကအဖွဲ့နဲ့ အစည်းအဝေး ခေါ်ယူ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။ ကွန်ကရစ်ပုံစံနဲ့ ပြန်လည်ပြုပြင်နေတယ်။ ကုန်ကျငွေကတော့ တိုင်တစ်လုံးကိုပျဉ်းမျှအားဖြင့် ၉ သောင်း ၉ ထောင်လောက် ကုန်ကျတယ်။ ဒါကြောင့် အလှူငွေတွေလိုအပ်နေပါတယ်”ဟု ဂေါပကဥက္ကဋ္ဌက ပြောဆိုသည်။
 
အဆိုပါတိုင်များကို ယခုနှစ်၊ နိုဝင်ဘာလမှစတင်ပြုပြင်နေခြင်းဖြစ်ပြီး လက်ရှိတွင် တိုင်အလုံး ၂ဝ ခန့်ကို ပြုပြင်ပြီးစီးသွားပြီဖြစ်ကာ တိုင်အလုံး ၂ဝ ကျော်မှာ ဆက်လက်ပြုပြင်ရန်ကျန်ရှိနေသေးသည်ဟု သိရသည်။
 
ပျက်စီးနေသည့်တိုင်များမှာ နှစ်ပေါင်း ၃ဝ ကျော်ကြာမြင့်နေပြီဖြစ်ပြီး ၁၉၈၆ နှစ်ကတည်းက တည်ဆောက်ထားခြင်းဖြစ်သည်ဟု သိရသည်။
 
၂ဝ၁ဝ ပြည့်နှစ်ခန့်ကလည်း မဟာမုနိဘုရား၏ အရှေ့ဘက်စောင်းတန်းနှင့် အနောက်ဘက် စောင်းတန်းများတွင်ရှိသည့် တိုင်များကို ယခုကဲ့သို့ ပြုပြင်ခဲ့ရသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ