တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မေလ ပထမ ၁ဝ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် အားကောင်းသော မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ဟု မိုး/ဇလထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 895

နိရဥ္စရာ၊ မေ ၂ / ၂၀၂၃

မေလ ပထမ ၁ဝ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် အားကောင်းသော မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

မေလ (ပထမ) ၁ဝ ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အဖြစ် ယနေ့ မေလ ၂ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်၌ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းငယ်မှာ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ကမ်းရိုးတန်းအကြား ရွေ့လျားမည်ဖြစ်ပြီး မည်မျှအားပြင်းပြင်းတိုက်ခတ်မည်ကို မသိရှိနိုင်သေးဟု ရခိုင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးလှထွန်းက နိရဥ္စရာကို ပြောသည်။

မုန်တိုင်းကတော့ လောလောဆယ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားမလိုလို၊ ရခိုင်ဘက်ကို ဝင်မလိုလိုဖြစ်နေတယ်။ ဘယ်ကိုသွားမယ်လို့တော့ လောလောဆယ် ပြောမရနိုင်သေးဘူး။ ဘယ်လောက်ထိ အားကောင်းမယ်ဆိုလည်း ပြောမရသေးဘူး။ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိတော့ အားကောင်းမယ်။ အဲလိုမျိုးခန့်မှန်းချက်တွေတော့ ရှိတယ်။ ပြည်သူတွေအနေနဲ့ မိုးလေဝသသတင်းတွေကို စောင့်ပြီးတော့ နားထောင်ဖို့လိုတယ်״ ဟုပြောသည်။

ယင်းသို့ မုန်တိုင်းငယ်ဝင်ရောက်လာပါက ရခိုင်ကမ်းရိုးတန်းဒေသရှိ ဆားတောင်သူများနှင့် စစ်ဘေးရှောင်တို့တွင် အခက်အခဲများဖြစ်ပေါ်လာနိုင်သည်ဟု ပြောဆိုကြသည်။

ထိုကဲ့သို့ မုန်တိုင်းတိုက်ခတ်မည်ဆိုလျှင် ဆားလုပ်ငန်းရှင်များအနေဖြင့် မိမိတို့တွင် ရရှိထားသောဆားများကို သိုလှောင်ထားပြီးသားဖြစ်သော်လည် မုန်တိုင်းပြင်းအားသည် ၁ နာရီတွင် မိုင် ၆၀ နှုန်းဖြင့် တိုက်ခိုက်မည်ဆိုလျှင် ဆားများပျက်စီးနိုင်သည်ဟု ကျောက်ဖြူမြို့နယ်မှ ဆားကုန်သည် ဦးထွန်းကြွယ်က ပြောသည်။

မုန်တိုင်းနဲ့ပတ်သက်ပြီးတော့ ဌာနဆိုင်ရာတွေကလည်း ကျနော်တို့ကို အကြောင်းကြားလာတာမရှိသေးဘူး။ မုန်တိုင်းအန္တရာယ်က ကာကွယ်နိုင်အောင် ကျနော်တို့ ကောက်ထားတဲ့ဆားတွေ၊ သိုလှောင်ထားတဲ့ဆားတွေကို အကောင်းဆုံးပြင်ဆင်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတဲ့အပိုင်းတွေတော့ ရှိပါတယ်။ ဒါပေမဲ့ မုန်တိုင်းက အားပြင်းတယ်ဆိုရင်တော့ ဆားတွေပျက်စီးသွားနိုင်တယ်״ ဟုပြောသည်။

 

ရခိုင်တွင် နေလှန်းဆားလုပ်ငန်းကို ကမ်းရိုးတန်းဒေသဖြစ်သော ကျောက်ဖြူ၊ သံတွဲ၊ ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ သံတွဲ၊ မောင်တော၊ ရမ်းဗြဲစသည့်မြို့များအပါအဝင် မင်းပြား၊ မြောက်ဦး၊ တောင်ကုတ်မြို့များတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။


ထို့နည်းတူ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ နေအိမ်အဆောင်များမှာလည်း ပျက်စီးယိုယွင်းပြီး ခိုင်ခံ့မှုမရှိဖြစ်နေ၍ မုန်တိုင်းဝင်ပါက ပြိုပျက်သွားနိုင်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်စစ်ဘေးရှောင်စခန်းမှ ဦးသိန်းထွန်းက ပြောသည်။

လေပြင်းနည်းနည်းတိုက်ရင်တော့ အဆောင်တွေက အဆင်မပြေဘူး။ တာပေါ်လင်တွေနဲ့မိုးထားတာဆိုတော့ မုန်တိုင်းတိုက်မယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဝါးတွေကလည်း ပိုးတွေကျနေပြီ။ မုန်တိုင်းတိုက်မယ်ဆိုရင် အကုန်လုံး ပျက်စီးသွားနိုင်တယ်״ ဟုပြောသည်။

ဂဏန်းတောင်ကျေးရွာရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်းနှင့် စိုက်ပျိုးရေးကွင်း စစ်ဘေးရှောင်စခန်း ၂ ခုတွင် ခိုလှုံလျက်ရှိသော စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ရှိသည်ဟု သိရသည်။

၎င်းတို့မှာ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါ၊ ကျောက်တော်မြို့နယ် ချောင်းတူ၊ ကွမ်းအုံစု၊ ရွက်ညိုးတောင်၊ ဒေးဝန်း၊ အစရှိသည့် ကျေးရွာများမှ လာရောက်စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်က ရခိုင်မြို့အချို့တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် စစ်ဘေးရှောင်စခန်းအချို့ ပျက်စီးသွားခဲ့ရသည်။

ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီကာလအတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုး/ဇက ထုတ်ပြန်ကြေညာထားသည်။ (NN-21)

ဆက်စပ် သတင်းများ