တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် လာမည့် ရက်ပိုင်းအတွင်း မုန်တိုင်းဖြစ်လာနိုင်၍ ကမ်းရိုးတန်းဒေသနေပြည်သူများနှင့် ငါးဖမ်းရေယာဥ်များ သတိထားကြရန် မိုး/ဇလ သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 741

နိရဥ္စရာ၊ မေ ၆ / ၂၀၂၃

ယမန်နေ့ မေလ ၅ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်တိုင်းထွာချက်အရ မေလ ၁၀ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်းဖြစ်ပေါ်လာနိုင်၍ ကမ်းရိုးတန်းဒေသနေပြည်သူများနှင့် ငါးဖမ်းရေယာဥ်များ သတိထား သွားလာ နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ ၆ ရက်တွင် သတိပေးထုတ်ပြန်သည်။


မုန်တိုင်းငယ်သည် မေ ၉ ရက်မှ ၁၃ ရက်အတွင်းဖြစ်ပေါ်လာနိုင်၍ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းစက်လှေများ၊ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်မှ ကြိုတင်ရှောင်ရှားနိုင်ရန် မိုးဇလ၏ သတင်းထုတ်ပြန်ချက်များအား စောင့်ကြည့်ကြဖို့ မိုး/ဇလက တိုက်တွန်း အကြံပြုထားသည်။

'
မေလ ၇ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ မေလ ၈ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း မိုး/ဇလက ဆိုသည်။

ယင်းမုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မေလ ၁၀ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်ကြောင်းလည်း သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းသည် မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်သည့်အတွက် မေ ၉ ရက်မှ ၁၃ ရက်အထိ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်ဟု ခန့်မှန်းထားသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသတွင် နေထိုင်သူများ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ အန္တရာယ်များကို ကြိုတင်သတိပြုနေထိုင်ကြရန် သတိပေးထုတ်ပြန်ထားသည်။ (NN-23)

ဆက်စပ် သတင်းများ