- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
မြန်မာနိုင်ငံမှ ယူရေနီယံသတ္တုကုန်ကြမ်းများနှင့် မူးယစ်ဆေးဝါးများ မှောင်ခိုသယ်ဆောင်ရောင်းချသူ ဂျပန် ယာကူဇာ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအား အမေရိကန်က ဖမ်းဆီးထိန်းသိမ်းထားပြီး နယူးယောက်၊မန်ဟက်တန်တရားရုံးတွင် တရားစွဲဆိုထားသည်ဟု သိရှိရသည်။
မန်ဟက်တန်တရားရုံးသည် ဂျပန် ယာကူဇာခေါင်းဆောင် တာကေရှီ အီဘီဆာဝါ နှင့် တွဲဖက်တရားခံ ဆွမ်ဖော့ ဆင်ဂါဆီရီ တို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှုဖြင့် ၂၀၂၂ခုနှစ် ဧပြီလက ဖမ်းဆီးတရားစွဲဆိုထားပြီး အမှုစစ်ဆေးစဉ် မြန်မာနိုင်ငံမှ ယူရေနီယံသတ္တုကုန်ကြမ်းများ နှင့် မူးယစ်ဆေး မှောင်ခိုသယ်ဆောင်ရောင်းချမှု ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။
တရားခံများ၏ ထွက်ဆိုချက်အရ ၄င်းတို့သည် နျူးကလီးယာလက်နက်ထုတ်လုပ်နိုင်သည့်အဆင့်ရှိ ယူရေနီယံကုန်ကြမ်းနှင့် မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံမှ လျှို့ဝှက်သယ်ဆောင်ပြီး ရောင်းချရငွေဖြင့် လက်နက်များဝယ်ယူကာ မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ထံ ပြန်လည်ရောင်းချရန်စီစဉ်နေသည်ဟု သိရှိရသည်။
“ သူတို့ရဲ့ ကြိုးပမ်းမှုတွေသာ တကယ်အောင်မြင်ခဲ့ရင် အကျိုးဆက်တွေက မတွေးဝံ့စရာပဲ။ အမေရိကန်တရားရေးဌာနအနေနဲ့ အမေရိကန်အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာတည်ငြိမ်ရေးအတွက် ဒီပစ္စည်းတွေကို သယ်ဆောင်သူတွေကို တာဝန်ယူမှုရှိရှိနဲ့ အရေးယူဆောင်ရွက်သွားပါမယ်” ဟု အမေရိကန်တရားရေးဌာနမှ ရှေ့နေချုပ် မက်သယူး အိုလ်ဆင်က ပြောကြားခဲ့သည်။
ဥပဒေအကျိုးဆောင်များ၏ ပြောကြားချက်အရ ရာကူဇာခေါင်းဆောင် အီဘီဆာဝါသည် မြန်မာနိုင်ငံမှ နျူးကလီးယားလက်နက်ထုတ်လုပ်နိုင်သည့်အဆင့်ရှိ ယူရေနီယံသတ္တုကုန်ကြမ်းများကို မူးယစ်ဆေးဝါးများနှင့်အတူ ပြောင်ပြောင်တင်းတင်းသယ်ဆောင်လာခဲ့သည်ဟု ဆိုသည်။
လက်နက်များ ပြန်လည်ဝယ်ယူရာတွင် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များပါဝင်သည်ဟု သိရှိရသည်။
၂၀၂၀ ခုနှစ်မှစ၍ အီဘီဆာဝါက သူ့တွင် ရောင်းချရန် နျူးကလီးယားလက်နက်ထုတ်နိုင်သည့် အဆင့်ရှိ ယူရေနီယံသတ္တုများ ရှိနေကြောင်း အသွင်ယူထောက်လှမ်းရေးအရာရှိတစ်ဦးကို ထုတ်ဖော်ကြွားဝါခဲ့သည်။
ထောက်လှမ်းရေးများနှင့် ထိုင်းအာဏာပိုင်များ၏ အကူအညီဖြင့် ပြုလုပ်သည့် စစ်ဆင်ရေးတွင် အဝါရောင်အမှုန့်ခဲ နှစ်ခုကို ဖော်ထုတ်ရရှပြီး ၄င်းတို့မှာ yellowcake များဖြစ်သည်ဟု တရားခံများက ထွက်ဆိုကြသည်။ yellowcake သည် နျူးကလီးယားလက်နက် ထုတ်လုပ်နိုင်သည့်အဆင့်ရှိ ယူရေနီယံကွန်ပေါင်းဖြစ်သည်။
ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် အီဘီဆာဝါ၏ ထွက်ဆိုချက်အရ အဆိုပါသတ္တုများရောင်းချရငွေဖြင့် မြန်မာနိုင်ငံရှိ အမည်မဖော်ပြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ကိုယ်စား လက်နက်ဝယ်ယူရန် ဖြစ်သည်ဟု သိရှိရသည်။
NN-27/ Ref: CNA