သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ကခေါ်ဆောင်သွားသည့်ဆယ်အိမ်မှူးနှစ်ဦး ပြန်လွတ်လာ၊ အုပ်ချုပ်ရေးမှူး ၁ ဦး လွတ်မြောက်မှုမရှိသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 9.7k

နိရဥ္စရာ၊ မေ ၃၀/၂၀၂၂
ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေါ်ဆောင်သွားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ ဆယ်အိမ်မှူးနှစ်ဦးတို့မှာ ပြန်လွတ်လာခဲ့ပြီဖြစ်သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးမှာ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရသည်။
ပလက်ဝမြို့နယ် အဘောင်သားကျေးရွာဆယ်အိမ်မှူးနှစ်ဦးဖြစ်ကြသည့် ဦးသာနီအောင်နှင့် ဦးအောင်ထွန်းတို့သည် မေလ ၂၈ ရက်နေ့၊ ညနေ ၆ နာရီခန့်တွင် ပြန်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
"အုပ်ချုပ်ရေးမှူးက ပြန်မလွတ်လာသေးဘူး။ သူ့အကြောင်း သတင်းလုံးဝ မကြားရသေးဘူး။ သူတို့သုံးယောက်ကို အဲဒီမှာတူတူမထားဘူး။ အခန်းအခြားခြားစီထားထားတယ်။ သူတို့တွေကို အမျိုးမျိုးစစ်တယ်ပြောတယ်။ ဒါပေမယ့် သူတို့တွေက ဗမာစကားမတတ်တော့ တခုမှပြန်မဖြေဘူး။ မသိလို့ပဲ ပြောတယ်တဲ့" ဟုပြောသည်။
အဆိုပါဆယ်အိမ်မှူးနှစ်ဦးကိုပြန်လည်လွှတ်ပေးခဲ့ရာတွင် စက်လှေဖြင့် လမ်းခုလတ်တွင် ချပေးခဲ့ပြီး အဘောင်သားကျေးရွာသို့ ခြေကျင်လမ်းလျှောက်ကာ လာခဲ့ရကြောင်း ကျေးရွာသားများက ပြောသည်။
၄င်းတို့နှစ်ဦးအပါအဝင် အဘောင်သားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်တို့ကို ပြီးခဲ့သည့် မေလ ၂၆ နံနက် ၁၁ နာရီဝန်းကျင် ပလက်ဝမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီးသည့်အချိန်တွင် မြန်မာစစ်တပ်မှ ဒဏ်ရာရထားသည့် စစ်သားများကို သယ်ယူပို့ဆောင်ရန်သွားစဥ် စစ်ကောင်စီတပ်သားများက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သုံးဦးစလုံးအား ပလက်ဝအခြေစိုက်တပ်ရင်း ၂၈၉ တွင်ထိန်းသိမ်းထားကာ တစ်ယောက်တစ်နေရာစီ စစ်ဆေးမေးမြန်းခဲ့ပြီး စစ်ဆေးမေးမြန်းစဉ်တွင် မျက်စိကိုအဝတ်ဖြင့်ပိတ်၍ စစ်ဆေးမေးမြန်းမှုများလည်းရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"အုပ်ချုပ်ရေးမှူးနဲ့လည်းတွေ့လို့ စကားပြောခွင့်မရခဲ့ဘူးပြောတယ်။ သူတို့ကိုသတ်တာပုတ်တာတွေတော့ မရှိခဲ့ဘူးပြောတယ်။ မျက်နှာကိုအဝတ်ချုပ်ပြီး စစ်တယ်လို့ပြောတယ်" ဟုပြောသည်။
လက်ရှိတွင် အဘောင်သားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်သည် လွတ်မြောက်မှုမရှိဘဲ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို နိရဥ္စရာက ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
ပြီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁ဝ နာရီခန့်က ပလက်ဝမြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၄င်းတို့သုံးဦး ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။ (NN-8)

ဆက်စပ် သတင်းများ