စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြေပုံမြို့နယ်မှ မိုင်းထိလူနာ စစ်တွေဆေးရုံသို့ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.7k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မတ် ၉ / ၂၀၂၁

 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာမှ မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက် ပြတ်ထွက်သွားသောလူနာ ကိုစိုးနိုင်လင်း(ခ) ညီပုချေ(၂၆)နှစ်သည် ယနေ့ ညနေ ၃ နာရီကျော် အချိန်ခန့်က ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ရောက်ရှိလာခဲ့သည်။

 

ကိုစိုးနိုင်လင်းသည် ယမန်နေ့ ညနေ ၃ နာရီကျော်အချိန်ခန့်တွင် စက်လှေပြုပြင်ရန် သစ်သွားခုတ်စဉ် မြေမြှုပ်မိုင်းနင်းမိပြီး သူ၏ ညာဖက်ခြေထောက် ပေါင်ရင်းကနေ ပြတ်ထွက်သွားရခြင်းဖြစ်သည်ဟု ယောက္ခမဖြစ်သူ ဦးရွှေကြည်က ပြောသည်။

 

ကျနော်တို့ကတော့ တောင်အောက်မှာ ချိန်းစက်နဲ့ သစ်ပင်တွေကို ခုတ်လှဲနေတယ်။ သူတို့က တောင်ထက်ကို တက်သွားတယ်။ အားလုံးကတော့ ချိန်းစက်ဆရာတစ်ယောက်နဲ့ အလုပ်သမားသုံးယောက်ပါတယ်။ အဲဒီမှာ မိုင်းပေါက်ကွဲသံကြားလို့ ကျနော်သွားကြည့်တဲ့အခါမှာ  သူခြေထောက်ပြတ်သွားတာကို တွေ့ရတယ်။ အဲဒီမိုင်းပေါက်ကွဲတဲ့ နေရာကနေ ပုဆိုးတွေနဲ့ သယ်ပြီးတော့ သူကိုတောင်ပေါ်ကနေ ချလာရတယ် ဟုပြောသည်။

 

၄င်းတို့မှာ လက်လုပ်လက်စား ဆင်းရဲသားပြည်သူများဖြစ်သည့်အတွက် တောတောင်ကို မှီခိုစားသောက်နေရပြီး မိမိတို့လို တခြားလူများကို မဖြစ်စေချင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများ အနီးတစ်ဝိုက်တွင် မိုင်းနှင့် စစ်ကျန်လက်နက် ပစ္စည်းများကို ရှင်းလင်းပေးစေလိုကြောင်း ၄င်းကဆက်ပြောသည်။

 

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ မတ်လ ၁၀ ရက်နေ့ထိ  မိုင်းနှင့် စစ်လက်နက် ကြွင်းကျန်ပစ္စည်းတချို့၏ ပေါက်ကွဲမှုကြောင့် သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရရှိသွားသူ ၅ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း သိရှိရသည်။

 

ရခိုင်တွင် ဖြစ်ပွားခဲ့သည့် ၂ နှစ်တာ စစ်ပွဲအတွင်း မိုင်းနှင့် စစ်လက်နက် ကြွင်းကျန်ပစ္စည်းတချို့ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၀ ကျော်နှင့် ဒဏ်ရာရသူ ၆၀ ကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး ( REC) ၏ စာရင်းအရ သိရှိရသည်။

ဆက်စပ် သတင်းများ