တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်တွင် မိန်းကလေး၁ဦးကိုဓားဖြင့်ထိုးပြီး ရွှေ ၁ဝကျပ်ကျော်နှင့် ငွေသားများကို ဓားပြတိုက်ယူသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 834

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆ /၂ဝ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာတွင် နေအိမ်တစ်လုံးကို ဓားပြတိုက်ရာတွင်  ဓားပြများက မိန်းကလေး ၁ ဦးကို ဓားဖြင့်ထိုးပြီး  ရွှေ ၁ဝ ကျပ်ကျော်နှင့် ငွေသားများကိုပါ ယူဆောင်သွားခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက အတည်ပြုပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ ညဥ့် ၂ နာရီခန့်တွင် အမည်မသိ လူအချို့က ဦးမောင်မြင့်နိုင်၏ နေအိမ်အား ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေက နိရဥ္စရာကိုအတည်ပြုပြောသည်။

ဓာပြတိုက်ခံရတဲ့ အတွက် ရွှေ ၁ဝ ကျပ်ကျော်နဲ့ နွားရောင်းထားတဲ့ ပိုက်ဆံများ ပါသွားတယ်။  ဓားထိုးခံရတဲ့ မိန်းလေးက အိပ်ခန်းသီးသန့်နဲ့အိပ်တာ။ အဲဒါအပေါ့သွားဖို့နိုးလို့ အိမ်အောက်ကိုဆင်းတဲ့အခါ ဓားပြတစ်ယောက်က သူ့ကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားကြတာဟု ပြောသည်။

ယင်းသို့ဓားထိုးခံလိုက်ရ၍ ယင်းမိန်းကလေး၏ဘေးစောင်းတွင် ဓားထိုးဒဏ်ရာ ၁ ချက်ရရှိပြီး လက်ရှိတွင် ဆေးရုံသို့ပို့ အရေးပေါ်ဆောင်ထားရသည်ဟု ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင်များကို ဆက်သွယ်နေဆဲဖြစ်သည်။

ဓားပြများမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို ညဉ့်အချိန်ဖြစ်၍ မမှတ်မိလိုက်ဟု လာရောက်တိုင်တန်းစဉ်ပြောဆိုခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ယခုကိစ္စကို ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်ကုတ်ရဲစခန်းနှင့် မြို့နယ်ထွေ/အုပ်တို့ထံ အသိပေး တိုင်ကြားထားသည်ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းကိုဆက်သွယ်ရာ တာဝန်ရှိသူတစ်ဦးက တိုင်ကြားမှုမရောက်ရှိသေးဟု တုံ့ပြန်ပြောသည်။

တောင်ကုတ်မြို့နယ် ရန်ခေါ်ရွာအနီးတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် ည ၈ နာရီခန့်ကလည်း အမျိုးသားတစ်ဦး၏ဘယ်ဘက်ရင်အုံကို လူငယ် ၄ ဦးကဓားဖြင့်ထိုးကာ ဆိုင်ကယ်အား လုယူ ထွက်ပြေးသွားခဲ့ကြသည်ဟု ကာယကံရှင်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

သူခိုးအဆင့်မဟုတ်ပါဘူး။ ဓားပြအဆ့င်ပါ။ သေနိုင်တဲ့နေရာကို ၁ ချက်တည်းထိုးခဲ့တာပါ။ ဘယ်ဘက်ရင်အုံ နှလုံးတည့်တည့်ပါ။ လူသတ်ကျွမ်းကျင်အဆင့်တွေပါ။ နောက်ဆုတ်တာမြန်ခဲ့လို့ မသေတာပါဟု ရေးသားထားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၁ဝ နာရီခန့်ကလည်း ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာမှ စက်လှေဖြင့် ပိုက်ချနေသည့် ငါးဖမ်းသမားတစ်ဦး၏ လှေပေါ်တွင် တပ်ဆင်ထားသည့် ဟွန်ဒါစက်အား လူ ၃ ဦးပါသည့် စက်လှေတစ်စီးက အကြမ်းဖက်ကာ လုယူသွားမှုဖြစ်ပေါ်ခဲ့သေးသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်တွင် တရားဥပဒေစိုးမိုးမှုများအားနည်းလျက်ရှိပြီး ဓားပြတိုက်မှု၊ လုယက်မှုနှင့် ခိုးမှုများ နေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

 ယင်းဖြစ်စဉ်များအပေါ် သက်ဆိုင်ရာရဲတပ်ဖွဲ့ကလည်း စုံစမ်းဖော်ထုတ်အရေးယူနိုင်ခြင်းမရှိ၍ ဒေသခံများအကြား ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။

ဆက်စပ် သတင်းများ