တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေမှာ စွန့်ပစ်ပစ္စည်းကောက်ယူ အသက်မွေးနေရသည့် ကလေးငယ်တစ်ဦးကို လုယက်သူများကရိုက်နှက်၍ ဆေးရုံတင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.9k

နိရဥ္စရာ ၊ ဖေဖော်ဝါရီ ၁၇ / ၂၀၂၃

ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမြို့မှာ၊ ယနေ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ည ၇ နာရီကျော်အချိန် တွင် စွန့်ပစ်ပစ္စည်းများ ကောက်ယူအသက်မွေးနေသည့်  ကလေးငယ်တစ်ဦးကို အုပ်စုဖွဲ့လုယက် ရိုက်နှက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။

ထိုသို့ ရိုက်နှက်ခံခဲ့ရသည့် ကလေးငယ်မှာ စစ်တွေမြို့ အနောက်စံပြ ဘာဆန်ကျေးရွာမှ အသက် (၁၁) နှစ်အရွယ် အာကျယ်အာမာ့ဖြစ်ကြောင်း လူနာကိုသွား ရောက်ယူဆောင်ပြီး ဆေးရုံကို ပို့ပေးခဲ့သည့် မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းဥက္ကဋ္ဌက  နိရဥ္စရာ သို့ပြောသည်။

၄င်းအား စစ်တွေမြို့ပွိုင့်အပန်းဖြေစခန်းအနီးတွင် လူလတ်ပိုင်းအမျိုးသားလေးဦးက ပိုက်ဆံ တောင်းယူရာမှ မရသဖြင့် အုပ်စုဖွဲ့ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းသူ က ပြောသည်။

" ကလေးက ပလစတစ်တွေ၊ သံတွေ၊ ပုလင်းခွံတွေ ကောက်ပြီးရောင်းနေတဲ့ ကလေးပါ။ အဲဒီလူတွေက အသက်သုံးဆယ်နီးပါးလောက်ရှိမယ်။ ကလေးဆီက ပိုက်ဆံကိုတောင်းတယ်။ ပိုက်ဆံမပါတော့ ရိုက်နှက်လိုက်ကြတာလို့ သိရတယ်" ဟု ၄င်းကပြောသည်။

ထိုသို့ အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်မှုကြောင့် အဆိုပါ ကလေးငယ်မှာ ဦးခေါင်းပေါက်ပွင့်ဒဏ်ရာ၊ မျက်နှာပွန်းပဲ့ ဒဏ်ရာအပါအဝင်၊ လက်ထိခိုက်ဒဏ်ရာများဖြင့် လက်ရှိတွင်စစ်တွေဆေးရုံကြီး အရေးပေါ်ခန်းတွင် ကုသမှုခံနေရကြောင်း သူက ပြောသည်။

" ခေါင်းကို ပုလင်းနဲ့ရိုက်ခွဲခံထားရတယ်။ ဘယ်ဖက်လက်မှာလည်း ဒဏ်ရာတွေရထားတယ်။ မျက်နှာတစ်ခုလုံးကတော့ ပွန်းပဲ့ဒဏ်ရာတွေရထားပါတယ်။ အခုတော့ ဆေးရုံကြီးအရေးပေါ်ခန်းမှာ ကုသမှုခံနေရတယ်" ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ပြောသည်။

ရခိုင်ပြည်ရှိ မြို့နယ်တချို့တွင် ခိုးဆိုးလုယက်၊ ဓားပြတိုက်ယူမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိနေပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ရုံးစိုက်ရာ မြို့ပေါ်များတွင်လည်း ပေါ်ပေါ်ထင်ထင် ကျူးလွန်နေသောကြောင့် မြို့ခံများမှာ ဘေးကင်းလုံခြုံစွာ မနေထိုင်ရဲဖြစ်နေ သည်ဟု ပြောဆိုကြသည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှုများမှာ တစ်နေ့တခြား ပိုမိုများပြားလာခြင်း ဖြစ်ပြီး လုယက်မှုနှင့်ဓားပြတိုက်မှုများတွင် သတ်ဖြတ်ခဲ့သည့် အဆင့်ထိ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု ရခိုင်မှ မြို့ခံများ ပြောဆိုကြသည်။

ထိုသို့ ခိုးဆိုးလုယက်မှုနှင့် သတ်ဖြတ်မှုများမှာ မြို့နယ်များတွင်မက မြို့ပေါ်များတွင်ပါ ရဲတင်းစွာလုပ်ဆောင်လာခြင်း ဖြစ်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းမှ ထိရောက်သည့်ကိုင်တွယ်ဖြေရှင်းမှုများ မရှိသည့်အတွက် မြို့ခံများမှာ လုံခြုံမှုကင်းမဲ့ခြင်း ကို ကြုံတွေ့နေရသည်ဟု ပြောသည်။(NN-23)

 

ဓာတ်ပုံ- မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ