တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေ မင်းဂံမှ ပြင်းထန်စွာရိုက်နှက်ခံရ၍ သတိမေ့မျောနေသည့် မိန်းခလေးငယ် သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

နိရဉ္စရာ၊ မတ် ၁၇ / ၂၀၂၃

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် (၁၃)ရှိ ရထားသံလမ်းအောက်တွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများစွာနှင့်အတူ တွေ့ရှိခဲ့သည့် အသက် ၁ နှစ်ရွယ် အမျိုးသမီးငယ်မှာ ယနေ့ နေ့လယ်က သေဆုံးသွားပြီဟု သိရသည်။

 

သူမသည် ယမန်နေ့ မတ်လ ၁၆ ရက်၊ နံနက်ပိုင်းက စစ်တွေစစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေခြင်း ဖြစ်ပြီး ယနေ့ မတ်လ ၁၇ ရက်၊ နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် စစ်တွေဆေးရုံ၌ သေဆုံးသွားခြင်း ဖြစ်သည်ဟု ကူညီပေးနေသည့် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

 

ကလေးငယ်ဆုံးသွားပါပြီ။ နေ့လယ် ၂ နာရီ ၁၅ မိနစ်မှာ စစ်တွေဆေးရုံမှာ ဆုံးသွားပါတယ်ဟုပြောသည်။

 

လက်ရှိတွင် အလောင်းအား ရင်ခွဲစစ်ဆေးနေပြီး သူမ၏နေအိမ်သို့ သယ်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်။

 

သေဆုံးသွားသည့်အမျိုးသမီးငယ်မှာ မင်းဂံရပ်ကွက် အကွက် (၁၅)မှဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၁၅ ရက်၊ ညနေပိုင်းမှစတင်ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

 

ယမန်နေ့ နံနက်ပိုင်းတွင် မင်းဂံရပ်ကွက် အကွက် (၁၃)ရှိ ရထားသံလမ်းအောက်၌ အဝတ်ဗလာဖြင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့တွင် ဒဏ်ရာများစွာနှင့်အတူ ရိုက်နှက်ခံထားရ၍ သတိမေ့မျောနေသည်ကို လမ်းသွား၊ လမ်းလာများက တွေ့ရှိခဲ့ပြီး စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

သူမသည် ဆေးရုံပို့ဆောင်ချိန်ကပင် ယခုသေဆုံးသွားချိန်အထိ သတိပြန်လည် ရရှိခြင်းမရှိခဲ့ဟုလည်း မိသားစုများက ပြောသည်။

အဆိုပါအမျိုးသမီးငယ်ကိစ္စနှင့်ပတ်သက်၍ သူမနှင့်အိမ်နီးချင်းများဖြစ်ကြသော အသက်(၁၈)နှစအရွယ် ခိုင်ကျော်လင်းနှင့် အောင်ခန့်ကျော်အမည်ရှိ သံသယရှိသူ လူငယ် ၂ ဦးကို စစ်တွေမြို့မ ရဲစခန်းတွင် ဖမ်းဆီးထားပြီး အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ (၃၂၆)ဖြင့် ရဲစခန်းက အမှုဖွင့်ထားသည်ဟု ဒေါ်ညိုအေးက ဆက်ပြောသည်။

 

အခုလောလောဆယ် ပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်ထားတယ်လို့ စခန်းမှူးကပြောတယ်။ လူသေအောင်ကြံစည်မှုပေါ့။ အခု ကလေးငယ် သေဆုံးသွားတဲ့အတွက် ပုဒ်မ ၃၀၂ လည်း အကျုံးဝင်တယ်ဟု ပြောသည်။

 

အလားတူ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တွေမြို့မရဲစခန်းကလည်း သံသယရှိသူ ၂ ဦးကို ဖမ်းဆီးထားသလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ကလည်း သံသယရှိသူ ၃ ဦးကို ဖမ်းဆီးထားသည်ဟု ဒေါ်ညိုအေးက ဆက်ပြောသည်။

 

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေအပါအဝင် တခြားရခိုင်ပြည်နယ်တဝန်းတွင်လည် ယခုဖြစ်စဉ်ကဲ့သို့ အမျိုးသမီးငယ်များနှင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုများမှာ ဥပဒေစိုးမိုးမှု အားနည်းချက်ကြောင့် ဖြစ်သည်ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက ပြောသည်။

 

အဓိကတော့ ကျမတို့ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့အတွက် အမျိုးသမီးငယ်တွေ ထပ်ခါထပ်ခါ ကျူးလွန်ခံနေရတယ်။ အဓိကတော့ ကျူးလွန်သူူကို ပြစ်မှုဆိုင်ရာ ဥပဒေအတိုင်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှု အားနည်တယ်ဟုပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရဖွဲ့ရုံးအနီး လူသုံးကုန်ပစ္စည်းအရောင်းဆိုင်မှ အရောင်းဝန်ထမ်း မနွယ်သန္တာဝင်းမှာလည်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသည် မိသားစုဝင်များက တွေ့ရှိခဲ့ကြသည်။

 

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း စစ်တွေမြို့၊ မင်းဘာကြီးလမ်း၏ အဆောင်တစ်ခုတွင် မုန့်လက်ကောက်ရောင်းနေသည့် ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်တစ်ဦးမှာ ရက်စက်စွာ အသတ်ခံခဲ့ရသည်။ (NN- 21/ NN- 12)

 

 

ဆက်စပ် သတင်းများ