စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကျောက်တော်မြို့ပေါ်တွင် ရဲအရာရှိတစ်ဦး ဓားထိုးခံရ၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 482

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၁၃/ ၂ဝ၂ဝ

ကျောက်တော်မြို့ပေါ် သာသနာ့ ဗိမာန် အနီး့တွင် ယနေ့ ညနေ ၃ နာရီခွဲခန့်က ရဲအရာရှိ တစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့ရဲစခန်းတွင် ပူးတွဲ တာဝန်ကျနေသည့် အသက် ၅ဝ ကျော်အရွယ် ရဲအုပ် အောင်မင်းဇော် ဖြစ်သည်ဟုသိရသည်။

၄င်းအား မျက်နှာဖုံးစွပ်ထားသည့် လူနှစ်ဦးမှ ဆိုင်ကယ်ပေါ်မှ ဆင်း၍ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်မြို့ခံ ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနအားပြောသည်။

အမည်အဖော်လိုသူ ကျောက်တော်မြို့ခံတစ်ဦးက“အလောင်းကဒီတိုင်းရှိသေးတယ်။ သူက နှစ်ပွင့်နဲ့ အရာရှိလို့ သိရတယ်။ ကျောက်တော်ရဲစခန်းမှာ တာဝန် ကျနေတာ။ အရပ်ဝတ်နဲ့ပါ။ မြင်တဲ့လူတွေပြောတာတော့ ဆိုင်ကယ်နဲ့ လာတဲ့ လူနှစ်ယောက်က ဆင်းပြီး ဓားနဲ့ ထိုးသွားတာ။ ဒဏ်ရာတွေကတော့ ငါးချက်၊ ခြောက်ချက်လောက်ရှိမယ်လို့ ပြောနေကြတယ်။ နေရာတင်ပွဲချင်းပြီးသေနေတာ။ ထိုးသွားတဲ့သူတွေက ဘယ်သူဆိုတာ တစ်ယောက်မှ မသိဘူး။ ကျောက်တော်မှာ အခုက လမ်းတွေမှာ လူသွား လူလာလည်း ပြတ်နေတာကို”ဟု ပြောသည်။

အဆိုပါကိစ္စနဲ့ ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဓားထိုးမှုဖြစ်သည်ကို ကြားသိရသော်လည်း အသေးစိတ်အား မသိရသေးကြောင်းပြောသည်။

ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်မြင့်အားဆက်သွယ်ရာ ၄င်း၏ ကို်ယ်ရေးအရာရှိဖြစ်သူက ပစ်ခတ်မှုဖြစ်သည်ကို ကြားသိရကြောင်း၊ အသေးစိတ်အချက်အလက်များ မသိရှိရသေးကြောင်းပြောသည်။

ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဖြိုးဇေယျာစိုးအား ဆက်သွယ်ရာ ၄င်းမှာ ခရီးလွန်နေသဖြင့် ဖြေဆိုနိုင်ခြင်း မရှိကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ်များအား ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှသာဖြေဆိုခွင့် ရှိကြောင်း ပြောသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ နိရဥ္စရာမှ ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိသဖြင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်အား ထပ်မံ ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရှိသေးပါ။

ယင်းကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့မှ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

ကျောက်တော်မြို့တွင် ပြီးခဲ့သည့် ၂ဝ၁၉နှစ် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်ကလည်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင် (၅ဝ နှစ်ကျော်)အား ကျောက်တော်မြို့ ရေယာဉ် ဆိပ်ကမ်းတွင် အမည်မသိသူတချို့က ဓားထိုးမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အလားတူ စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၇ နာရီခန့်ကလည်း ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ်ကြီး မောင်လှ (၅ဝ နှစ်)သည် သူ၏အိမ်အပြင်ဘက်တွင် ဓားထိုးခံရ၍ သေဆုံးသွားခဲ့သည်။


ဆက်စပ် သတင်းများ