သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရန်ကုန်တွင်နေထိုင်သည့် တောင်ကုတ်မြို့နယ်မှ သားမိနှစ်ဦး ယာဉ်တိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.9k


ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၂၆ / ၂ဝ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင်နေထိုင်သည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ သားမိနှစ်ဦးတို့သည် ယမန်နေ့ညက ယာဉ်တိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။
ပွဲချင်းပြီးသေဆုံးသွားသည့်သားမိမှာ တောင်ကုတ်မြို့နယ် လက်ပံကျွန်းကျေးရွာ ဇာတိ ဒေါ်ချစ်ချစ်မော် (၂၃ နှစ်)နှင့် သားမီးဖြစ်သူ မရွှေရည်ဝင်း (၂ နှစ်နှင့် ၃ လ)တို့ဖြစ်ကြသည်။
၄င်းတို့သားမိသည် လှိုင်သာယာမြို့နယ်၊ အလယ်ရွာရပ်ကွက်ရှိ နေအိမ်တွင် ဖုန်းအရောင်းဆိုင်ဖွင့်လှစ်ထားပြီး ယမန်နေ့ သြဂုတ်လ ၂၅ ရက် ည ၈ နာရီခန့်က နေအိမ်အနီးတွင် သားအမိနှစ်ဦး လမ်းလျှောက်နေစဉ် ကုန်တင်နာကားတစ်စီးက တိုက်မိမှုဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက နိရဥ္စရာအားပြောသည်။
သေဆုံးသူ ဒေါ်ချစ်ချစ်မော်၏ အစ်မဖြစ်သူ မခင်သူဇာက “ သူတို့အိမ်နဲ့တော့ လက်ပြန်လေးငါးလံလောက်ဝေးမယ်။ လမ်းလျှောက်ထွက်ကြတာပါ။ ကားသမားက ဆေးသုံးထားတာလို့သိရတယ်။ ခေါင်းတွေပွင့်ထွက်သွားပါတယ်။ ကလေးမှာရော မိခင်မှာရောနှစ်ဦးစလုံးပါ။ ဘယ်လိုခံစားရလဲဆိုတာ ပြောဖို့တောင်မတတ်တော့ပါဘူး” ဟုပြောသည်။
အဆိုပါယာဉ်အား မောင်းနှင်သူမှာ ပဲခူးတိုင်း၊ ကဝမြို့နယ်မှ ဦးအောင်သူလွင်(၂၆ နှစ်)ဖြစ်သည်။
သူသည် ယင်းနေ့က ပဲခူးလမ်းဆုံ၊ အနော်ရထာလမ်းတွင် ဆိုင်ကယ်သမားတစ်ဦးအားလည်း တိုက်မိခဲ့ပြီးနောက် ဆက်မောင်းလာစဉ် ဒေါ်ချစ်ချစ်မော်တို့သားအမိကိုပါ တိုက်မိခဲ့ခြင်းဖြစ်သည်ဟု လှိုင်သာယာမြို့နယ်အနောက်ပိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မှူးစစ်က နိရဥ္စရာကို ပြောသည်။
“ အနော်ရထာနဲ့ပဲခူးလမ်းဆုံမှာလည်း အဲဒီယာဉ်ပဲတိုက်မိခဲ့တာလို့သတင်းရလို့ စုံစမ်းနေပါတယ်။ နောက်ပြီး လှိုင်သာယာက ဒီသားအမိပေါ့။ အဲဒီကားက ဟိုဆိုင်ကယ်သမားကိုပါ တိုက်ခဲ့တာဆိုရင် သုံးယောက်သေတာပေါ့။ နေရာတော့မတူဘူးပေါ့” ဟုပြောသည်။
၄င်းကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဦးအောင်သူလွင်အား လူသေမှုပုဒ်မ ၃ဝ၄ - က ဖြင့် အမှုဖွင့်ထားဆောင်ရွက်နေကြောင်း ၄င်းက ဆက်ပြောသည်။
သေဆုံးခဲ့သူ သားအမိနှစ်ဦးအား ယနေ့ သြဂုတ်လ ၂၆ ရက် နေ့လယ် ၂ နာရီတွင် လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုဿာန်၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
Photo - ရန်ကုန်ရောက်ရခိုင်သူရခိုင်သားများစုစည်းရာ

ဆက်စပ် သတင်းများ