သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မောင်တောတွင် CDNH သင်တန်းသားများသယ်ဆောင်လာသောကားတိမ်းမှောက်၍ အမျိုးသမီး ၂ ဦးအပါအဝင် ၆ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၂/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ယနေ့ နံနက်က CDNH သင်တန်းသားများ သယ်ဆောင်လာသောကားတိမ်းမှောက်၍ အမျိုးသမီး ၂ ဦးအပါအဝင် လူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းသူတစ်ဦးကို စစ်တွေဆေးရုံသို့အရေးပေါ် ဆေးကုသမှုခံယူရန် ပို့ဆောင်ရမည်ဟု သတင်းရရှိသည်။
တိမ်းမှောက်ခဲ့သည့်ကားမှာ မတူကွဲပြားမှုနှင့် အမျိုးသားသဟဇာတဖြစ်မှုစင်တာ(CDNH)အဖွဲ့မှ ကားဖြစ်ပြီး ဒဏ်ရာရသွားသူများမှာ မောင်တောရှိသင်တန်းတစ်ခုသို့တက်ရောက်ရန် လာရောက်ကြသည့် သင်တန်းသားများဖြစ်သည်ဟု သိရသည်။
လူ ၁ဝ ဦးခန့်လိုက်ပါလာသည့် အဆိုပါကားသည် ယနေ့ အောက်တိုဘာလ ၂ ရက် နံနက် ၈ နာရီခန့်တွင် ဘူးသီးတောင်မှ မောင်တောသို့လာစဉ် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတပ်ရင်းရှေ့ ကားလမ်းမတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မောင်တောမြို့နယ် ကရုဏာကွန်ရက်အသင်း ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က နိရဥ္စရာအား ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းအပါအဝင် ၆ ဦးဒဏ်ရာရရှိသွားခဲ့ပြီး လက်ရှိတွင် ၎င်းတို့ကို မောင်တောဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရသည်ဟုလည်း ဆိုသည်။
“ကျွန်တော်တို့ ရောက်သွားတော့ ကားကို ကျွန်တော် စက်ရပ်ပစ်ခဲ့တယ်။ ပြီးတော့ လူနာတွေကတော့ အရင်ရောက်နေတဲ့ကားတွေနဲ့သွားလိုက်ကြပြီ။ ကားအရှေ့ပိုင်းတွေ အားလုံးပြိုသွားတယ်။ ထိုးဆင်းသွားတာ။ စစ်တွေကိုတစ်ယောက်ပို့့ရမယ်လို့ကြားတယ်။” ဟုပြောသည်။
ဒဏ်ရာရသွားသူများအနက် အမျိုးသားတစ်ဦးတွင် မီးညောင့်ရိုး ကျိုးသွားသည့်အတွက် ယနေ့ နေလယ်ပိုင်းတွင် မောင်တောဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်ရန်စီစဉ်နေသည်ဟုလည်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မောင်တောဆေးရုံအုပ်ဒေါက်တာ နုကေသီဇံအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် လူနာများ၏အခြေအနေ အသေးစိတ်ကို တင်ပြနိုင်ခြင်းမရှိသေးပါ။
အဆိုပါကားတွင် တိုင်းရော့ကျိုးသွား၍ ယခုကဲ့သို့တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
မောင်တောရဲစခန်း စခန်းမှူး ဒုရဲမှူး မြင့်ကျော်ဦးကိုဆက်သွယ်ရာ ကားမှောက်မှုဖြစ်သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။
ကားတိမ်းမှောက်သည့်နေရာမှာ ပြင်ဖြူနယ်ခြားစောင့်အပိုင်နေရာတွင် ဖြစ်သည့်အတွက် ဖြစ်စဉ်အသေးစိတ်ကို ၄င်းတို့အနေဖြင့် သိရှိနိုင်ခြင်းမရှိဟုလည်း ပြောသည်။
ဓာတ်ပုံ - ကိုချစ်ထူးခိုင်

ဆက်စပ် သတင်းများ