သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့ကို ဖေဖော်ဝါရီ ၁၃ ရက် တစ်နေ့တည်းအတွင်း လေကြောင်းကနေ အကြိမ်ပေါင်း (၁၀၀) ကျော် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၄ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

( တရုတ်ရေနံနှင့် သဘာ၀ဓာတ်ငွေ့စီမံကိန်းရှိရာ ကျောက်ဖြူတွင်လည်း ဗုံးအလုံးပေါင်း (၃၀) ထက်မနည်း လာရောက်ပစ်ချတိုက်ခိုက်)

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄/၂၀၂၄

တရုတ်ရေနံနှင့် သဘာ၀ဓာတ်ငွေ့စီမံကိန်းရှိရာ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့တို့တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းကနေ အပြင်းအထန် ခုခံကာကွယ်တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။

ရမ်းဗြဲမြို့ကို ဖေဖော်ဝါရီ ၁၃ ရက် တစ်နေ့တည်းအတွင်း စစ်ကောင်စီက  လေကြောင်းကနေ အကြိမ်ပေါင်း (၁၀၀) ကျော် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရက္ခိုင်ဒေသတိုက်ပွဲများ၌ နေ့တိုင်းအရှုံးပေါ်နေသည့်စစ်ကောင်စီသည် ရမ်းဗြဲမြို့အား အငြိုးကြီးစွာဖြင့် ကြည်း၊ ရေ၊ လေ တပြိုင်နက်တည်းပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ယုတ်မာစွာဖြင့် မြို့အား ဖျက်ဆီးလျက်ရှိကြောင်း  ဖေဖော်ဝါရီလ (၁၃) ရက်၊ ယနေ့တစ်ရက်တည်းတွင်ပင် စစ်ကောင်စီသည် ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်နေရာများသို့ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်ထက်မနည်း၊ Y-12 ထောက်ပို့လေယာဉ်ဖြင့်လည်း (၃၇) ကြိမ်တိုင်လာရောက်၍ အကြိမ်ပေါင်း (၁၀၀) ကျော် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိမ်တောင်ဘုရားကုန်းထက်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှလည်း ယနေ့၊ နံနက် (၆) နာရီ (၅၆) မိနစ်မှ စတင်၍ နေ့လယ် (၃) နာရီခန့်အချိန်ထိ လက်နက်ကြီးအရေအတွက် (၇၆) ကြိမ်ထက် မက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။  



ထို့အပြင် ကလိန်တောင်မြစ်၊ တိန်ချောင်းဝနှင့် သလူချောင်းဝအကြားတွင် ရပ်နားထားသည့် စစ်ကောင်စီ၏ ဇက်သင်္ဘော ပေါ်မှ လက်နက်ကြီးများဖြင့် နံနက် (၁၀) နာရီကျော်မှစတင်ပြီး ညနေ (၃) နာရီခွဲကျော်ထိ ရာချီနီးပါးသော လက်နက်ကြီး အကြိမ်အရေအတွက်အား တောက်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဤသို့ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများကြောင့် ယနေ့တွင်လည်း ရမ်းဗြဲမြို့ ကိုယ်ရံတောင်စေတီနှင့် အောင်ချမ်းသာစေတီ အနီးပတ်ဝန်းကျင်များသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သကဲ့သို့ ရမ်းဗြဲမြို့ပေါ်ရပ်ကွက်အချို့မှ လူနေအိမ် အပါအဝင် အဆောက်အအုံတချို့မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။

၎င်းပြင် စစ်ရှုံးနေသော စစ်ကောင်စီ၏ Y-12 ထောက်ပို့လေယာဉ်တစ်စီးသည် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန် တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးဝန်းကျင်နေရာများသို့ လေကြောင်းမှ ဗုံးအလုံးပေါင်း (၃၀) ထက်မနည်း လာရောက်ပစ်ချတိုက်ခိုက်ခဲ့သသည်ဟု ဖော်ပြသည်။

အဆိုပါလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုအတွင်း ဂုံးချွိန်တိုက်နယ်၊ ကုလာဘာ ကျေးရွာ၊ အူချေထောင့်မှ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ် (၄) လုံးမှာ ရန်သူ့ဗုံးစထိမှန်၍ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ပေါက်တောမြို့အား ယမန်နေ့၊ ည (၁၁) နာရီအချိန်တွင် ရှုံးမဲမဲနေသော စစ်ကောင်စီသည် Y-12 ထောက်ပို့ လေယာဉ်ဖြင့် ပေါက်တောမြို့နယ်၊ ကျောက်ပြင်ကျေးရွာနှင့် တောင်ဦးမော်ကျေးရွာသို့ တမင်တကာ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ဤသို့ညအချိန်မတော် လေကြောင်းမှအကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်မပြည့်သေး သည့် ယောကျာ်းလေး (၂) ဦးအပါအဝင် ဒေသခံအရပ်သားပြည်သူ (၉) ဦးတို့လည်း လက်နက်ကြီးကျည်စထိမှန်၍ ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်၊ ဝက်မကျကျေးရွာမှ အသက် (၂၈) နှစ်အရွယ် မွတ်ဆလင် အမျိုးသား တစ်ဦးသည် တစ်ရွာတည်းနေအဖော်အမျိုးသား (၃) ဦးနှင့်အတူ ရသေ့တောင်မြို့နယ်၊ ထီးစွဲဖက်သို့ ငါးဖမ်းပိုက်ချရန် ယမန်နေ့၊ နံနက် (၉) နာရီအချိန်၌ ရွာမှထွက်ခွာလာခဲ့ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအခြေချတပ်စွဲခဲ့သည့် ရသေ့တောင်၊ ထီးစွဲစခန်းသို့ ဝင်၍ ပစ္စည်းအဟောင်းများကို သွားယူနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ကျန်မိုင်းအား နင်းမိခဲ့ရာမှ မိုင်းပေါက်ကွဲခဲ့သဖြင့် အဆိုပါမွတ်ဆလင်အမျိုးသားသည် ခြေထောက်နှစ်ဘက်စလုံး၌ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်လည်း မိမိတို့၏ ပြည်သူလူထုအား တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများ၊ တိုက်ပွဲနှင့် ဆက်စပ်ဖူးသည့်နေရာများအား မဖြစ်မနေသွားလာရပါက စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များအား ကိုင်တွယ်၊ ထိတွေ့၊ ယူဆောင်ခြင်းများမပြုလုပ်ကြရန် အထူးသတိပေးမှာကြားထားပြီးဖြစ်သကဲ့သို့ မိမိတို့၏ မသိနားမလည်သေး သည့် ကလေးငယ်များအားလည်း စစ်အကြွင်းအကျန်ပစ္စည်းများအား ကိုင်တွယ်ဆော့ကစားခြင်းမပြုအောင် အထူးဂရု စိုက်ကြရန်လည်း ထပ်မံမှာကြားလိုပါသည်ဟု ထုတ်ပြန်ချက်ဆွင် ဆက်လက်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ