သောကြာ၊ အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄

ရမ်းဗြဲတွင် ထင်းနှင့်သစ်စက်လှေများထံမှ စစ်ကောင်စီရေတပ်က ငွေကြေးတောင်းခံနေ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ဒေသအတွင်း ထင်းနှင့် သစ်စက်လှေများကို စစ်ကောင်စီ ရေတပ်သင်္ဘောတစ်စီးက အတင်းအဓမ္မ ငွေကြေးတောင်းခံနေကြောင်း သိရသည်။ 

 ရမ်းဗြဲမြို့နယ်၊ စပါးကြီးကျွန်းကြား နှင့်  ငါးယက်ကြီးကျွန်းကြားရပ်နားထားသည့် ရေတပ်နေဗီက  ဒေသခံ ပြည်သူများ လုပ်ကိုင် စားသောက်နေသည့်  ထင်းနှင့် သစ်စက်လှေများကို ခေါ်ယူစစ်ဆေးပြီး တစ်စီးကို ငွေကျပ် ၅ သိန်းအထိ ငွေညှစ်တောင်းခံမှုရှိနေကြောင်း စက်လှေပိုင်ရှင်များက ပြောသည်။ 

 

"သစ်ဘုတ်၊ ထင်းဘုတ်တွေကို စစ်ဆေးမေးမြန်းပြီးရင် အနည်းအများ အပေါ်မူတည်ပြီး တောင်းတယ်။  တစ်စီးကနေ  ၅ သိန်း အထိ တောင်းတယ်။ ငွေကျပ် ၅ သိန်း မပါလာသူတွေကိုကျတော့ ဖုန်းနံပါတ်တွေတောင်းတယ်။ ဖုန်းနံပတ်တွေယူတယ်။ ဘုတ်တွေကို ဓာတ်ပုံရိုက်ယူထားတယ်။ ဘုတ်လိုင်စင်တွေကို ဓာတ်ပုံရိုက်တယ်။ ပြီးရင် သူတို့ကို ငွေထပ်လွှဲပေးရမယ်လို့ ခြိမ်းခြောက်တယ်။ ကြောက်တော့လည်း လွှဲပေးကြရပါတယ်" ဟု အမည်မဖော်လိုသူ စက်လှေသမားတစ်ဦးက ပြောသည်။ 

 

ငွေကြေးပေးဆောင်နေရသည့် စက်လှေသမားများမှာ ဝန်ဖိုက်ဒီရေတောကို အမှီပြုကာ တစ်နိုင်တစ်ပိုင်လုပ်ကိုင် စားသောက် နေရသည့် သာမန်အရပ်သားများဖြစ်ကြပြီး ငွေကြေးတောင်းခံမှုများကြောင့် ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲ ဖြစ်နေကြရသည်ဟု ၄င်းတို့က ပြောသည်။ 

 

သစ်တောကို ထိန်းသိမ်းလို၍ ဥပဒေနှင့်အညီ စိစစ်လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ တမင်ငွေညှစ်နေသည့် လုပ်ရပ်မှာ မဖြစ်သင့်ဟု အမ်းမြို့နယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ကိုမျိုးလွင်က နိရဥ္စရာကို ပြောသည်။ 

 

"ဖမ်းတယ်ဆိုလို့ရှိရင် ပိုက်ဆံပေးလို့ မရပါဘူး။ ပိုက်ဆံပေးလို့ရတယ်ဆိုတာကတော့ ဒေသခံတွေကို ညစ်လို့ ရလို့ ညစ်တယ်လို့ ပြောလို့ရတယ်။ အမှန်က သစ်တောဥပဒေနဲ့အညီ တင်းတင်းကျပ်ကျပ် လုပ်တယ်ဆိုလို့ရှိရင် သစ်လုံးဝ မခုတ်ရဆို မခုတ်ရပုံစံဖြစ်ရမယ်"ဟု ဆိုသည်။ 

 

ယင်းအပြင် စစ်ကောင်စီနှင့် ရက္ခိုင်တပ်တော် (AA)တို့ အုပ်ချုပ်ရေးအားပြိုင်နေသည့်ရခိုင်တွင် စစ်ကောင်စီက အုပ်ချုပ်ရေးအာဏာပြလိုသည့် သဘောလည်း သက်ရောက်သည်ဟု ကိုမျိုးလွင်က ဆက်ပြောသည်။ 

 

"တစ်ဖက်မှာက သူတို့အုပ်ချုပ်ရေးယန္တရားတွေ ဒီနေရာအထိလည်း ရှိတယ်ဆိုတာကို ပြချင်တာပါမယ်။ နောက်ပြီး အေအေ အုပ်ချုပ်ရေး ယန္တရားရှိတဲ့နေရာမှာ ပြည်သူတွေ လွတ်လွတ်လပ်လပ် အသက် မွေးဝမ်းကြောင်း ပြုလို့မရဆိုတဲ့ ပုံစံမျိုးကို သူတို့ ပြတာလည်း ပါပါတယ်"ဟု ဆိုသည်။

 

မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် လူမှုစီးပွါးဘဝထိခိုက်ပျက်စီးမှုများခဲ့သည့်ရခိုင်တွင် စစ်ကောင်စီက သယ်ယူပို့ဆောင်ရေး နှင့် သွားလာရေးများတွင် စစ်ဆေးရေးတင်းကျပ်မှုများ၊ မတရား ငွေကြေးတောင်းခံမှုများကြောင့်လည်း လုပ်ကိုင် စားသောက်ရေးတွင်အခက်အခဲ ရှိနေကြသည်ဟု သိရသည်။ 

 

(ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ