တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေပင်လယ်ကမ်းခြေအနီးမှ ဖြိုဖျက်ခံလိုက်ရသည့် ဆိုင်ခန်းနေရာတွင် ပန်းခြံဆောက်ရန် ပြည်နယ်စကစ စီစဉ်


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

(၎င်းပန်းခြံအား အခမဲ့မဟုတ်ဘဲ ခရိုနီလက်ထဲကိုထည့်ပြီး ပြည်သူများထံက အခကြေးငွေ ကောက်မည်ဆိုလျှင် လက်မခံနိုင်ဟုဆို)

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ ပင်လယ်ကမ်းခြေအနီးမှ အင်အားသုံး ဖြိုဖျက်ခံလိုက်ရသည့် စားသောက်ဆိုင်ခန်းများနေရာတွင် ပန်းခြံတစ်ခုတည်ဆောက်ရန် ရခိုင်ပြည်နယ်စစ်ကောင်စီက စီစဉ်နေသည်ဟု သတင်းရရှိသည်။

 

စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင်သန်းဝေကမူ ထိုနေရာ၌ ပန်းခြံပြုလုပ်မည်ဆိုပါက ပြည်သူများ ဝင်ရောက်ခွင့်ကို အခမဲ့မဟုတ်ဘဲ စီးပွားရေးအတွက် အသုံးပြုမည်ဆိုလျှင် လက်ခံမည် မဟုတ်ကြောင်း ပြောသည်။

"အခုအဖြိုခံရတဲ့ဆိုင်ခန်းမြေနေရာတွေကို အများပြည်သူအတွက် အပန်းဖြေဖို့ အခမဲ့နေရာအဖြစ် အသုံးပြုဖို့ဆိုရင် ဦးလေးတို့ လက်ခံပါတယ်။ အဲ့လိုမဟုတ်ဘဲ ခရိုနီလက်ထဲကိုထည့်ပြီး တစ်ဆင့်ခံ ပြည်သူတွေဆီက အခကြေးငွေနဲ့ အကျိုးစီးပွားဖန်တီးဖို့ဆိုရင်တော့ လက်မခံနိုင်ပါ"ဟု ပြောသည်။

 

စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက အဆိုပါနေရာတွင် ပန်းခြံအစား ကမ်းခြေသို့ လာရောက်သူများ အတွက် စားသောက်ဆိုင်များ ဖွင့်လှစ်ထားခြင်းက ပိုသင့်တော်ကြောင်း ပြောသည်။



"  ပန်းခြံက တခြားနေရာမှာလုပ်လို့ရတယ်။ ကမ်းခြေမှာ အပန်းဖြေဖို့လာတဲ့သူတွေအတွက် စားသောက်ဖို့လည်း လိုအပ်တယ်။ စားသောက်ဖို့နေရာက တကူးတက မယူလာတဲ့သူတွေလည်း ရှိတော့လေ။ စစ်တွေကမ်းနားလမ်းမှာ ပန်းခြံတစ်ခုရှိတာထက် စားသောက်ဆိုင်တွေရှိနေရင် ပိုပြီးအဆင်ပြေသလို စည်ကားမှုလည်း ရှိတာပေါ့" ဟုပြောသည်။

အဆိုပါ နေရာရှိ ဆိုင်ခန်း (၁၀) ကျော်ကို စစ်တွေပွိုင့်ကမ်းခြေကမ်းနားလမ်းအား အဆင်မြှင့်တင် ဖောက်လုပ်မည်ဟု အကြောင်းပြကာ အောက်တိုဘာ ရက်၊ နံနက် နာရီမှစတင်ကာ စစ်တွေခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများ စသည့် အင်အား ၁ဝဝ ကျော်ခန့်က မမြေတူးစက်ကြီးများ၊ မြေသည်ကားများဖြင့်လာရောက်ကာ ရုတ်တရက် ဝင်ရောက်ဖြိုဖျက်ခဲ့သည်။

အဆိုပါဆိုင်ခန်းအဖြိုခံလိုက်ရသည့် ဆိုင်ခန်းပိုင်ရှင်များသည် သူတို့အတွက် သင့်လျော်သည့် နေရာတစ်ခုခုတွင် မြေနေရာအစားထိုးရောင်းချခွင့်ပေးရန် ပြည်နယ်စစ်ကောင်စီထံ အကြိမ်ကြိမ် စာရေးတောင်းဆိုထားသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာအကြောင်းပြန်လာခြင်း မရှိသေးကြောင်း ဆိုင်ရှင်များက ပြောသည်။




ဆိုင်ခန်းပိုင်ရှင်တစ်ဦးက "ကျွန်တော်တို့မှာ အများကြီးရင်းထားရတာပေါ့နော်။ ဘဝနဲ့ ရင်းပြီးလုပ်ထားတာပါ။ နေရာအစားတောင်းထားတယ်ပေါ့နော်။ စာတော့မပြန်သေးဘူး။ အစားထိုးနေရာလေး လိုချင်ပါတယ်" ဟု ပြောသည်။

ဖြိုဖျက်ခံလိုက်ရသည့် ဆိုင်ခန်းပိုင်ရှင်များအတွက် မြေနေရာအစားထိုးပေးရန် စစ်တွေဟိုတယ် ဆင်းလမ်း၏ ဘယ်ဘက်ခြမ်းရှိ မြေအလွတ်နေရာ အနံ ပေ ၁၈၀ အလျား ပေ ၆၀ အား အစားထိုးချပေးရန် ပြည်နယ်စစ်ကောင်စီထံ စာတင်၍တောင်းဆိုထားသလို ယင်းနေရာကိုချပေးလျှင် နစ်နာသူများအတွက်လည်း အဆင်ပြေမည်ဟု ၎င်းက အကြံပြုပြောဆိုသည်။

"
အဲလိုချပေးလိုက်မယ်ဆိုရင် နစ်နာမှုရှိရင်တောင် အဲ့လူတွေရဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့အတွက် နေရာတစ်ခု ဖြစ်သွားမယ်လို့ ထင်တယ်" ဟုပြောသည်။

ဆိုင်ခန်းပိုင်ရှင်များအတွက် အစားထိုးမြေနေရာချပေးရန်ရှိ/မရှိနှင့် ဖြိုဖျက်ခံလိုက်ရသည့် ဆိုင်ခန်းများ နေရာတွင် ပန်းခြံဆောက်မည့်ကိစ္စအသေးစိတ်တို့ကို သိနိုင်ရန် ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ် ဥပ‌ဒေချုပ် ဦးလှသိန်းအား နိရဥ္စရာက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ

လက်ရှိတွင် ဖြိုဖျက်ခံလိုက်ရသည့် ဆိုင်ခန်းပိုင်ရှင်များ၏ မိသားစုများအပါအဝင် ဝန်ထမ်းများနှင့် သူတို့၏ မိသားစုများသည် အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်ကြုံနေကြရသည်ဟု သိရသည်။ (NN-13)

ဆက်စပ် သတင်းများ