တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် တူးထားသည့် ဗုံးခိုကျင်းများကို စစ်တပ်က ပြန်ဖျက်ခိုင်း


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တူးထားသည့် ဗုံးခိုကျင်းများကို စစ်ကောင်စီအဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးပြီး ပြန်ဖျက်ခိုင်းနေသည်ဟု သိရသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၁၀)ရှိ နေအိမ်များတွင် ဗုံးခိုကျင်းများတူးထားသည်ကို စစ်ကောင်စီအဖွဲ့ဝင်များက နိုဝင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်တို့က နေအိမ်များအတွင်း ဝင်ရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

 ထိုသို့စစ်ဆေးရာတွင်လည်း ရက္ခိုင့်တပ်တော်(AA)တပ်သားများပုန်းခိုရန်အတွက် တူးသလား၊ မည်သူ့အမိန့်ဖြင့်တူးသလဲ စသဖြင့် နေအိမ်ပိုင်ရှင်များအား မေးမြန်းပြဿနာရှာမှုများလည်းရှိခဲ့သည်ဟု နေအိမ်ပိုင်ရှင်များနှင့် နီးစပ်သူက ပြောသည်။

"အိမ်ကိုဝင်စစ်တယ်။ ဗုံးကျင်းတူးထားတာတွေ့တော့ ဘာလို့လုပ်ထားတာလဲမေးတယ်။ လက်နက်ကြီးတွေ ပစ်ရင် အကာအကွယ်လုပ်ဖို့အတွက်လို့ပြောတာကို။ အေအေလာရင် ပုန်းခွင့်ပေးမှာလားဆိုပြီး မေးမြန်းပြဿနာရှာပါတယ်" ဟု ပြောသည်။

မင်းဂံရပ်ကွက်အကွက်(၁၀)ရှိ မြို့ခံများမှာ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် အဘက်ဘက်သို့ ရမ်းသန်းပစ်ခတ်ခြင်းတို့ကြောင့် အသက်အန္တရာယ်ကာကွယ်လုံခြုံရန်အတွက် သဲအိတ်များ၊ ကျောက်အိတ်များနှင့် ဗုံးခိုကျင်းများကို နေအိမ်အတွင်းပြုလုပ်ထားခြင်းဖြစ်သည်ဟု ဆိုကြသည်။

နောက်ထပ်အမည်မဖော်လိုသူမြို့ခံတစ်ဦးက "ကျွန်တော်တို့က တစ်ခုခုဖြစ်ရင် အသက်အန္တရာယ် ကာကွယ်ဖို့ အတွက် တူးထားပါလို့ပြန်ပြောတာကိုမရဘူး။ တူးထားတဲ့ဗုံးကျင်းတွေ အကုန် မြေပြန်ဖို့ပြီး ချက်ချင်းဖျက်ခိုင်းတယ်" ဟု ပြောသည်။

ပြီးခဲ့သည့်အပတ်ကလည်း တောင်ကုတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင်တူးထားသည့်ဗုံးတွင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးကာ ပြန်ဖျက်ခိုင်းခဲ့မှုဖြစ်ပွားခဲ့သည်ဟု တောင်ကုတ် မြို့ခံများက နိရဥ္စရာကို ပြောဆိုထားသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ဖြစ်ပွားသည့် တကျော့ပြန်တိုက်ပွဲများ မဖြစ်ပွားခင်ကတည်းက စစ်ကောင်စီတပ်က ရခိုင်တွင် စစ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာဖြည့်တင်းခြင်းအပြင် စစ်ရေးလှုပ်ရှာမှုများနှင့် လက်နက်ကြီးများ စမ်းသတ်ပစ်ခတ်ခြင်းတို့ကို မကြာခဏဆိုသလိုပြုလုပ်ခဲ့၍ ရခိုင်ရှိမြို့နယ်တိုင်းလိုလိုတွင် အသက်အန္တရာယ်ကာကွယ်ရန် အိမ်တိုင်းလိုလို ဗုံးခိုကျင်းများတူးဖော်ပြုလုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။ (NN-12)

 

ဓာတ်ပုံ - ရခိုင်ရှိ ဗုံးတွင်းတစ်ခုအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ