တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် ဆန်နှင့်စက်သုံးဆီကို စျေးလျှော့ရောင်းနေ၍ အလုအယက် တန်းစီဝယ်ယူနေကြရ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့တွင်ဆန်နှင့်စက်သုံးဆီကိုဈေးလျှော့ရောင်းချပေးနေသည့်ဆိုင်များ၌အလုအယက် တန်းစီကာ ဝယ်ယူနေကြရသည်။

ယနေ့နိုဝင်ဘာလ ၃၀ ရက်တွင် လက်လုပ်လက်စားများနှင့် အခြေခံလူတန်းစားများ အတွက် စစ်တွေမြို့ရှိ အကယ်ဒမီဆန်ဆိုင်က ဆိုင်ရှေ့တွင် သီရိဒုံဆန်တစ်အိတ်ကို ၈၀၀၀၀ ကျော်ဖြင့်လည်းကောင်း၊ ရခိုင်ဆန်စပါးကုမ္ပဏီက စစ်တွေမြို့မစျေးကြီးအနီးတွင် သီရိဒုံဆန်တစ်အိတ်ကို ၇၅၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးနေခြင်းဖြစ်သည်။

ထို့အတူ ယနေ့ နံနက်က အခြေခံလက်လုပ်လက်စားများအတွက်ရည်ရွယ်၍ အောက်တိန်း ၉၂ တစ်လီတာကို ၄၅၀၀ ကျပ်ဖြင့် စစ်တွေမြို့၊ ကုန်တန်းရပ်ကွက် BOC လမ်းဆုံအနီးရှိ စက်သုံးဆီဆိုင်တွင် ရောင်းချလျက်ရှိရာ ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြရသည်။



စစ်တွေတွင် အခြေခံလက်လုပ်လက်စားများအတွက် ဆန်နှင့် စက်သုံးဆီ စျေးလျှော့ရောင်းချခြင်းကို လောလောဆယ် ယနေ့ တစ်ရက်တည်းတွင်သာ ရောင်းချပေးနေခြင်းဖြစ်သည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ဆီတန်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင်လည်း စက်သုံးဆီဝယ်ယူရန် ယနေ့ နံနက်ကပင် စောင့်ဆိုင်းနေကြသည့် ဒေသခံအများအပြားလည်း ရှိနေကြောင်း တွေ့ရသည်။

စစ်တွေမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအားလုံးနီးပါး ပိတ်ထားပြီဖြစ်ပြီး အောက်တိန်း ၉၂ တစ်လီတာကို ကျပ် ၈၀၀၀ အထိ စျေးပေါက်လျက်ရှိသလို လုံးဝဝယ်ယူ၍မရနိုင်သည့်အခြေအနေကို ရောက်နေပြီဟု ဒေသခံများက ပြောသည်။



ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများစတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်ကပင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထားခဲ့သဖြင့် စားသောက်ကုန်ဈေးနှုန်းများနှင့် စက်သုံးဆီဈေးနှုန်းများမှာ တစ်နေ့ထက်တစ်နေ့မြင့်တက်လာခဲ့ပြီ ဝယ်ယူမရတော့သည်အထိ ပြတ်လပ်မှုများရှိလာနေသည်။

လက်လုပ်လက်စားများနှင့် အခြေခံလူတန်းစားများအနေဖြင့် ဈေးကြီးမြင့်စွာ ရောင်းချနေကြသည့် အခြေခံစားကုန်များကို ဝယ်ယူစားသောက်နိုင်သည့် အခြေအနေ မရှိသလောက် ဖြစ်လာနေပြီး အငတ်ဘေးနှင့်ကြုံတွေ့လာနိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။ (NN-8)

ဆက်စပ် သတင်းများ