တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် နိုင်ငံတကာအဖွဲ့အစည်း အန်ဂျီအို ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် နိုင်ငံတကာ အန်ဂျီအိုတစ်ခုမှ ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ပုဏ္ဏားကျွန်းမြို့မှ ++++ ဖြစ်ပြီး ၎င်းအန်ဂျီအိုအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

သူ့ကို ဒီဇင်ဘာ ၅ ရက်တွင် သူတည်းခိုနေသည့် စစ်တွေမြို့၊ ကျေးပင်ကြီး ရပ်ကွက်ရှိ Menmory Hotel မှတဆင့် စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးသွားသည်ဟု မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

"သူက hotel မှာ သူတို့အလုပ်နဲ့ပတ်သက်ပြီး လာတည်းခိုနေတာ။ ဟိုတယ်ကနေ ဝင်ပြီးဖမ်းသွားတာ" ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူကို စစ်တွေအမှတ်(၁)ရဲစခန်းတွင်ဆက်လက် ထိန်းသိမ်းထားပြီး အမှုဖွင့်/မဖွင့်ကို မသိရသေးဟု အရပ်ဖက်အဖွဲ့အစည်း(cso) အဖွဲ့ဝင်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"အမှုဖွင့်မဖွင့်ကိုတော့ ကျနော်တို့မသိရသေးပါဘူး။ သူတို့က ဒီလို CSO/NGO တွေကိုလည်း သူတို့ဖမ်းဆီးတာတွေ လုပ်တာကြောင့် ကျနော်တို့ကို မှီခိုနေတဲ့ ပြည်သူတွေနဲ့အဆက်သွယ်ပြတ်ပြီး သူတို့အတွက် အခက်အခဲအများကြီး ဖြစ်ရတယ်" ဟုပြောသည်။

ယင်းအပြင် ရသေ့တောင်လူငယ်ကွန်ယက်(RYN)မှ ကိုတိုင်းကျော်ဌေးကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စစ်ကောင်စီက စစ်တွေမြို့၊ Nobel Hotel မှ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးအမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု နီးစပ်သူများက ပြောသည်။ (NN-11) 

ပုံစာ- နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် စစ်တွေအမှတ်(၁) စစ်ပုလိပ်စခန်းဝင်းအတွင်းဖမ်းဆီးထားသူတချို့ကို တွေ့ရစဉ် (ပုံဟောင်း)

ဆက်စပ် သတင်းများ