တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေ၊ ဝါဘိုရွာကျေးရွာကို စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်၍ ရွာသားနှစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဝါဘို‌ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍  ကျောင်းဆရာတစ်ဦးအပါအဝင် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက် ည ၇ နာရီခန့်တွင် ကံ့ကော်ကျွန်း နှင့် ဇော်မတတ်ကျေးရွာအကြား တပ်စွဲနေသည့်စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ဝါဘိုကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဝါဘိုရွာမှ အမျိုးသမီးကြီး တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ရွာမှာ မပြေးဘဲကျန်ခဲ့တဲ့ လူငယ်တွေစကားထိုင်ပြောနေချိန် လက်နက်ကြီး လာကျတာပါ။ နှစ်ယောက် ဒဏ်ရာရတယ်။  ကျောင်းဆရာလေးတစ်ယောက်ကတော့ ပေါင်ပိုင်းရမယ် ပြောပါတယ်"ဟု ပြောသည်။

ဒဏ်ရာရရှိသူများမှာ ကိုကျော်မိုးထွန်းနှင့် ကျောင်းဆရာကိုစောဝင်းမောင် ဖြစ်သည်။ သူတို့ နှစ်ဦးလုံးသည် အသက် ၂၀ ကျော်အရွယ် လူငယ်များ ဖြစ်ကြောင်း သိရသည်။

" အခုလိုအချိန်မှာ ဆေးရုံဆေးခန်းလည်း သွားလို့မရဘူး။ရွာမှာလည်း လူနည်းနည်းပဲ ကျန်ခဲ့တာ။ အကုန်ပြေးနေကြရတာဆိုတော့ သူတို့ အခြေအနေကိုလည်း စိုးရိမ်မိပါတယ်"ဟု သူမက ဆက်ပြောသည်။

ရခိုင်တွင် စစ်ပွဲအရှုံးများဖြင့် ဆက်တိုင် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ရခိုင် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲမှုများကို ဆက်တိုက် လုပ်ဆောင်နေသည့်အတွက် နေ့စဉ် အရပ်သား ထိခိုက် သေဆုံးမှုများ ရှိနေကြောင်း သိရသည်။(NN-7)


(ဓာတ်ပုံ- ပေးပို့)

ဆက်စပ် သတင်းများ