တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်မှုကြောင့် စစ်တွေတွင် ဘဏ်ဝန်ဆောင်မှု ရပ်တန့်သွား


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်လိုက်သဖြင့် စစ်တွေရှိ ပုဂ္ဂလိက ဘဏ်ခွဲများ၏ ဝန်ဆောင်မူ လုပ်ငန်းများအားလုံးမှာ ရပ်တန့်သွားသည်ဟု သတင်းရရှိသည်။

“မြန်မာ့စီးပွားရေးဘဏ်မှ အပ တစ်ခြား ပုဂ္ဂလိက ဘဏ်ခွဲတွေ အကုန်လုံး လုပ်ငန်းများ ရပ်တန့်သွားပါပြီ။ ဘဏ်တွေရဲ့ ရုံးခန်းတွေအထဲမှာတော့ ဝန်ထမ်းတွေရှိနိုင်ပါတယ်။ အပြင်က တံခါးတွေ အကုန်လုံးပိတ်ထားပါတယ်” ဟု ပြောကြားသည်။

စစ်တွေရှိ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ရိုးမဘဏ်များ၏ ဝန်ဆောင်မှု လုပ်ငန်းရပ်ဆိုင်းကုန်သည်ဟု သိရသည်။

စစ်တွေမှ လုပ်ငန်းရှင်တစ်ဦးက “ ငွေလွှဲငွေပြောင်းလုပ်လို့မရဘူး။ ဒီခေတ်မှာက ငွေကြေး အလွှဲအပြောင်းက အကုန်လုံး အင်တာနက်တွေ၊ ဖုန်းတွေနဲ့လုပ်ရတာဆိုတော့ အကုန်လုံး ရပ်ဆိုင်းသွားတယ်။ Wave Money လည်း မရပါ။ ဘယ်လောက်ထိ ကြာမလဲ။ ခဏလား၊ ရက်တွေအများကြီး ပိတ်ထား မလားဆိုတာတော့ မသိရသေးဘူး”ဟု ပြောဆိုသည်။


ဘဏ်များက ငွေထုတ်ယူခြင်း ဝန်ဆောင်မှုများ အပြင် ငွေလွှဲငွေထုတ်လုပ်ဆောင်ပေးနေသည့် Wave Money ဝန်ဆောင်မှုလည်း အဆင်မပြေဖြစ်နေကြောင်း ငွေလွှဲငွေထုတ်လုပ်ငန်း လုပ်ဆောင်နေသူ တစ်ဦးကလည်း ပြောသည်။

စစ်တွေအပါအဝင် ရခိုင်မှ မြို့နယ်အများအပြားတွင် Mytel မှ အပ MPT, Telenor ဖုန်းလိုင်းများလည်း ပြတ်တောက်နေသည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် ပုဂ္ဂလိက ဘဏ်ခွဲများ၏ တာဝန်ရှိသူများသို့  ဖုန်းဆက်သွယ်ကြည့်ရာ ဖုန်းလိုင်းမရှိသဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။

ပုံစာ- ယနေ့စစ်တွေမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်ကို မြင်တွေ့ရစဉ်။

ဆက်စပ် သတင်းများ