သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ရိုးရာသမက်တက်မင်္ဂလာဆောင်ပွဲများကျင်းပရာတွင် ရိုးရာအစဉ်အလာမှသွေဖယ်လွဲမှားမှုများရှိနေ၍ လိုက်နာရမည့်အခြေခံစည်းကမ်း (၁၅)ချက်ကို ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.6k

နိရဥ္စရာ၊ ဇွန် ၉/၂၀၂၂
ရခိုင်ရိုးရာသမက်တက်ပွဲ(ရခိုင်အစဉ်အလာမင်္ဂလာဆောင်ပွဲ)ကျင်းပရာတွင် ရိုးရာအစဉ်အလာမှ သွေဖယ်လွဲမှားစွာပြုလုပ်မှုများရှိနေ၍ ပြန်လည်တည့်မတ်စေရန် လိုက်နာရမည့်အခြေခံစည်းမျဉ်းစည်းကမ်း(၁၅)ချက်ကို ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန််)က ယနေ့ဇွန်လ ၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ယခုထုတ်ပြန်ချက်ကို ရေးသားထုတ်ပြန်ရန်အတွက် ရခိုင်စာပေနှင့်ယဉ်ကျေးမှု(ရန်ကုန်)အဖွဲ့မှ နယကကြီး ဒေါ်စောခင်တင့်၊ ဒုဥက္ကဋ္ဌ ဒေါ်စောခင်နု၊ အတွင်းရေးမှူး ဒေါ်ဦးသိန်းညွန့်၊ ရခိုင်မင်္ဂလာဆောင်ပွဲများတွင် ကူညီလုပ်ဆောင်ပေးနေသည့် ဦးထွန်းဝင်းတို့က အစည်းအဝေးများပြုလုပ်ကာ နှစ်လ၊ သုံးလခန့်ကြာ မူကြမ်းရေးဆွဲခဲ့ပြီး ထုတ်ပြန်ခြင်းဖြစ်ကြောင်း ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ ဥက္ကဋ္ဌဦးသန်းမောင်က နိရ ဉ္စရာကိုပြောသည်။
“အဓိကတော့ ရခိုင်ရိုးရာသမက်တက်မင်္ဂလာပွဲဆိုပြီး ခေတ်စားလာတယ်။ ရခိုင်မှာတောင်မက ဗမာပြည်ဘက်မှာပါ၊ ပြည်ပတွေမှာပါ လုပ်လာကြတယ်။ အဲဒီမှာ ကိုယ်ထင်သလိုလုပ်နေကြတယ်ပေါ့နော်။ စေတနာတော့ စေတနာနဲ့ပေါ့။ သို့သော် ရှေးလူကြီးသူမတွေရဲ့ မှတ်သားချက်တွေကို လေ့လာကြည့်တဲ့အခါ တချို့ဟာတွေက လွဲနေတယ်။ လွဲလာတော့ ဘယ်သူကတည့်မတ်မလဲပေါ့နော်။ ဒီကိစ္စမှာ တစ်ဦးတစ်ယောက်တည်းလုပ်လို့မရဘူး။ အသင်းအဖွဲ့နဲ့လုပ်ရတဲ့ ကိစ္စလေ” ဟုပြောသည်။
ယခုထုတ်ပြန််ထားသည့် အချက်အလက်များသည် ရခိုင်ရိုးရာသမက်တက်ပွဲနှင့်ပတ်သက်၍ အခြေခံစည်းမျဉ်းစည်းကမ်းများသာဖြစ်ပြီး ထပ်မံ၍အသေးစိတ်များကို သိလိုပါက ၎င်းတို့အသင်းနှင့်ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြောသည်။
ထို့အပြင် သတို့သားနှင့်သတို့သမီးတို့သည် လူမျိုးခြားများဖြစ်နေလင့်ကစား ရခိုင်ရိုးရာသမက်တက်ပွဲခေါင်းစဉ်တပ်ပြီးပြုလုပ်လိုပါက ယခုအစီအစဉ်အတိုင်းသာပြုလုပ်စေပြီး ရိုးရာအစဉ်အလာနှင့်မတူဘဲ အခြားအရောအနှောအစီအစဉ်များကို ထည့်သွင်းလုပ်ဆောင်လိုပါကလည်း မိမိတို့စိတ်တိုင်းကျမင်္ဂလာဆောင်ပွဲကို လုပ်ခွင့်ရှိကြောင်း ဦးသန်းမောင်က ဆက်လက်ပြောဆိုသည်။
လက်ရှိရခိုင်ရိုးရာသမက်တက်ပွဲများတွင် ခေတ်မီလိုမှု၊ ဆန်းသစ်လိုမှု၊ ဂုဏ်ပကာသနပြိုင်ဆိုင်လိုမှုစသည်တို့ကို ရှေ့တန်းတင်ဦးစားပေးကာ ရခိုင်ရိုးရာပင်ရင်းအစဉ်အလာ၊ အသွင်သဏ္ဍာန်များ သွေဖယ်လွဲမှားလာနေကြမှုများကို လူမျိုးခြားများက အမြင်လွဲမှားမှတ်ယူသွားစေနိုင်ကာ ရခိုင်လူမျိုးထုတစ်ရပ်လုံး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုသို့လွဲမှားစွာလုပ်ဆောင်နေမှုများသည် တစထက်တစ လစ်လျူရှူထားပါက တဖြည်းဖြည်းနှင့် အမှားများကို အမှန်ဟုထင်မှတ်သွားကာ ပြည်တွင်းပြည်ပနေရခိုင်လူမျိုးတို့ကလည်း ဆက်လက်ကျင့်သုံးသွားကြမည်ဆိုလျှင် ရခိုင်လူမျိုးတို့၏ သူမတူသည့် ရိုးရာယဉ်ကျေးမှုဓလေ့များသည် လူမျိုးခြား အသွင်သဏ္ဍာန်များ လွှမ်းမိုးလာပြီး နောက်ဆုံးတွင် “ရခိုင်”ဟူ၍ သီးသန့်လူမျိုးတစ်မျိုးအဖြစ် ကမ္ဘာတွင် ရပ်တည်နေနိုင်မှုအနေအထားပင် ပျောက်ကွယ်သွားမည်မှာ ဧကန်မလွဲပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယခုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး စစ်တွေမှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဒေါ်ကျော့စိန်က "ဒါတွေကို တကယ့်တကယ်လိုက်နာနိုင်မယ်ဆိုရင်တော့ အန်တီတို့ရခိုင်တစ်မျိုးသားလုံးအတွက် ဂုဏ်တက်စရာဖြစ်တယ်။ နောက်ပြီးတော့ နောင်လာမယ့်သားသမီးတွေလည်း ကိုယ်တို့ရဲ့ ဓလေ့ထုံးစံတွေကို မမေ့ဖို့အတွက်နဲ့ ဒီဟာတွေကိုတော့ အတတ်နိုင်ဆုံးလိုက်နာသင့်တယ်လို့ မြင်တယ် အန်တီတို့အနေနဲ့တော့" ဟု နိရ ဉ္စရာကို ပြောသည်။
အဆိုပါထုတ်ပြန်ချက် စည်းမျဉ်းစည်းကမ်း ၁၅ ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ သမက်ရှင်၊ သမီးရှင်နှင့် အရံများသည် ဖုံကတ္တီပါပေါ်တွင်သာ မေပြု၍ ထိုင်ကြရပါမည်။ ထိုင်ခုံများဖြင့်ထိုင်ခြင်း လုံးဝ မပြုသင့်ပါ။ မင်္ဂလာအစီအစဉ်အရ သမက်ရှင်၊ သမီးရှင်တို့ထံ တက်ရောက် ချီးမြှင့်ကြမည့် လူကြီးသူမများ၊ ဧည့်သည်တော်များအား အဂါရဝ ပြုရာရောက်ပါသည်။
၂။ ရခိုင်ရိုးရာဝတ်စားဆင်ယင်မှုနှင့်အညီ သမက်ရှင်၏ ခေါင်းပေါင်း သို့မဟုတ် အုပ်ပေါင်း၏ အစွန်ကို ဘယ်ဘက်သို့ ချရပါမည်။ ပြင်ခံတိုက်ပုံသည် ဘယ်ဖုံးဖြစ်ရပါမည်။
၃။ သမီးရှင်ဝတ်စုံဒီဇိုင်းကို ရခိုင်ရိုးရာဝတ်စားဆင်ယင်မှုနှင့်မညီညွတ်သော အလွန်အကျွံ ဆန်းသစ် တီထွင်မှုမျိုးကို မပြုကြစေလိုပါ။ ဥပမာ သမီးရှင်၏ ထမီတွင် ရေသီနားတပ်ဆင်ခြင်းသည် ရခိုင်ရိုးရာတွင် လုံးဝမရှိသဖြင့် မတပ်ဆင်သင့်ပါ။ ပုဝါစကိုမူ ဘယ်တင် ညာချဖြင့် နှစ်သက်သလို အတိုအရှည်ဝတ်ဆင်နိုင်ပါသည်။ ထမီပေါင်စုံ အမဲ၏ ဗြက်အကျယ်ကို ၂ လက်မထက် မပိုသင့်ပါ၊
၄။ မင်္ဂလာထမင်းနှင့်ဟင်းပွဲများရွေးချယ်ခြင်း၊ ချက်ပြုတ်မှုထုံးစံများကို ရခိုင်စာယဉ်(ရန်ကုန်)မှ သိရှိနားလည်သူ များက လမ်းညွှန်သည့်အတိုင်း ရခိုင်ဓလေ့ထုံးတမ်းစဉ်လာ အယူအဆအရ သတ်မှတ်ချက်များနှင့်အညီ ဆောင် ရွက်ရမည်။ အခြေခံအားဖြင့် မင်္ဂလာလောင်ပွန်းတွင် ထမင်းဖြည့်ပြီး အူစုံသည်းစုံကြက်သား သုံးခွက်၊ ရွှေဖရုံသီး နှစ်ခွက်၊ ပေါင်းမင်္ဂလာဟင်းပွဲ ၅ မျိုး ဖြစ်ရပါမည်။ ကျန်အသေးစိတ်လိုအပ်ချက်များအတွက် ရခိုင်စာယဉ် အဖွဲ့(ရန်ကုန်)က အခြေအနေနှင့် လိုက်လျောညီထွေမည့်အကြံပြုချက်များပေးပါမည်။
၅။ မင်္ဂလာလောင်ပွန်း(ပန်းကန်ပြား)အောက်တွင် စပါးစေ့များခင်းထားကာ ငွေဒင်္ဂါးတစ်စုံကိုလည်း ထည့်ရပါမည်။
၆။ သမက်ရှင်၊ သမီးရှင်တို့၏ နေ့နံနှင့်ကိုက်ညီသောပန်းအညွန့်အခက်များထိုးထားသည့် ရေစင်အိုး နှစ်အိုး ပါရှိ ရပါမည်။ ယင်းရေစင်အိုးများကို မင်္ဂလာမြှောက်ထားသော ပရိတ်ကြိုးဖြင့် ရစ်ပတ်ထားရပါမည်။
၇။ သမက်ရှင်သည် မြားသည့်အချိန်တွင် ကိုယ်တင်အဖြူကို မဖြစ်မနေ ဝတ်ဆင်ထားရပါမည်။
၈။ သမီးရှင်ပန်ဆင်ရန် နေ့နံအရ သတ်မှတ်ထားသော ပန်း ၃ စုံ ပါရှိရပါမည်။
၉။ သမက်ရှင်အတွက် သမက်ရှင်၏နေ့နံသင့်အညွန့်များထည့်ထားသော ရေစင်အိုးတစ်စုံ၊ မင်္ဂလာဝင်ပစ္စည်းများ ဖြစ်သော အိပ်ရာလိပ်(သို့မဟုတ်) အဝတ်သေတ္တာ၊ ဓါးရှည်၊ ယပ်စသည်တို့ကို နေ့သင့်နံသင့်သူများက ကိုင်ဆောင်နိုင်ရန် စီစဉ်ပေးရပါမည်။
၁ဝ။ သမက်ရှင်၊ သမီးရှင်တို့သည် လူပျို အပျို မဟုတ်ပါက ရခိုင်ရိုးရာထုံးတမ်းစဉ်လာအရ သျှောင်ဆောင်းခွင့် မရှိပါ။ သျှောင်များကို သမက်တက်အခမ်းအနားအစီအစဉ်အတွက်မဟုတ်ဘဲ အလှသက်သက်ရိုက်ကူးရေးများတွင် အသုံးမပြုရပါ။ သမက်ရှင်၊ သမီးရှင် မဟုတ်သော မသက်ဆိုင်သူများက ဝတ်ဆင်ခြင်း၊ သုံးစွဲခြင်း လုံးဝမပြု လုပ်ရပါ။
၁၁။ မြားပေးမည့် လူကြီးသူမများသည် အညွန့်သျှင်များသာဖြစ်ရပါမည်။ ရခိုင်ရိုးရာဓလေ့ထုံးစံကိုလည်း နားလည် တတ်ကျွမ်းသူများဖြစ်ရပါမည်။ ရခိုင်စာယဉ်အဖွဲ့(ရန်ကုန်)၏ တတ်ကျွမ်းနားလည်သူများထံမှ အကူအညီ တောင်းယူနိုင်ပါသည်။
၁၂။ သမက်ရှင်၊ သမီးရှင်၊ နှစ်ဘက်မိဘများနှင့် အခမ်းအနားတွင်ပါဝင်ကြမည့်သူများအားလုံး၏ အဝင်အထွက်၊ လူအခင်းအကျင်းနှင့် တန်းစီမှု၊ ပန်းကျင်း စည်တော်၊ ခရုသင်း၊ အတီးအမှုတ်စသည့် အစီအစဉ်အသေးစိတ်ကို ရခိုင်စာယဉ်အဖွဲ့(ရန်ကုန်)က အသိအမှတ်ပြုထားသော ရခိုင်ရိုးရာကျွမ်းကျင်သည့် အစီအစဉ်မှူး(ဘိသိက်ဆရာ)၏ စီစဉ်မှုအတိုင်း သမက်တက်ပွဲရှင်များက တသွေမတိမ်း လိုက်နာဆောင်ရွက်ကြရပါမည်။
၁၃။ ပြင်ပတီးဝိုင်းအဆိုအကများ၊ အခြားကြားဖြတ်အစီအစဉ်များကို ထည့်သွင်းလိုပါက ရခိုင်ရိုးရာသမက်တက် အခမ်းအနား အစီအစဉ်အစအဆုံးကို မထိခိုက်စေအောင်သာ စီစဉ်ဆောင်ရွက်ရပါမည်။
၁၄။ ရခိုင်စာယဉ်အဖွဲ့(ရန်ကုန်)သည် အထက်ပါအခြေခံစည်းမျဉ်းစည်းကမ်းများအား ပြောင်းလဲလာသော အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေအောင် လိုအပ်သော ဖြည့်စွက်ချက်ပြင်ဆင်ချက်များကို အခါအားလျော်စွာ ပြုလုပ်ပေးသွားပါမည်။
၁၅။ ဤအခြေခံစည်းမျဉ်းစည်းကမ်းများသည် ရခိုင်လူမျိုးတို့၏ ဘာသာရေးအခြေခံ မိရိုးဖလာယုံကြည်မှုအဖြစ် အလေးထားကာ လိုက်နာကျင့်သုံးလာခဲ့ကြခြင်းဖြစ်ရာ ဤအချက်များကို မလိုက်နာခြင်း၊ ပြီးစလွယ်ပြုလုပ်ခြင်း၊ မှားယွင်းစွာပြုလုပ်ခြင်း စသည်တစ်ရပ်ရပ်ကြောင့် ပေါ်ပေါက်လာနိုင်သည့် အကျိုးအပြစ်တို့အတွက် သမက်တက်ပွဲရှင်များတွင်သာ တာဝန်ရှိလိမ့်မည်ဖြစ်ကြောင်း အလေးအနက် အသိပေးနှိုးဆော်အပ်ပါသည်။(NN-8)
Photos - Google

ဆက်စပ် သတင်းများ