သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အမေရိကန်နိုင်ငံတွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2k

နိရဥ္စရာ၊ ဇူလိုင် ၄/၂၀၂၂
အမေရိကန်နိုင်ငံရှိ ရခိုင်လူမျိုးများက ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပခဲ့ကြသည်ဟု သိရသည်။
အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်၊ ဒမွိုင်းမြို့နှင့် အင်းဒီယားနားပြည်နယ်၊ အင်ဒီယားနားပိုလိစ်မြို့တို့တွင် ဇူလိုင် ၂ ရက်နှင့် ၃ ရက်တို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၂ ရက်တွင် ရခိုင်ရိုးရာအားကစားပွဲများကို ကျင်းပခဲ့ကြသလို ဇူလိုင် ၃ ရက်တွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ကြခြင်းဖြစ်သည်ဟု ဦးဆောင်သူများက ပြောသည်။
အိုင်အိုဝါပြည်နယ်၊ ဒမွိုင်းမြို့တွင်ကျင်းပသည့် ရခိုင်ရိုးရာသင်္ကြန်ပွဲသည် ယခုနှစ်တွင်(၇) ကြိမ်မြောက်ဖြစ်ပြီး အင်းဒီယားနားပြည်နယ်၊ အင်ဒီယားနားပိုလိစ်မြို့တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
ရခိုင်ရိုးရာကိုဖော်ထုတ်ရန်နှင့် အနာဂတ်လူငယ်များကို ရိုးရာယဉ်ကျေးမှု၊ ထုံးထမ်းစဉ်လာများအား လက်ဆင့်ကမ်းလို၍ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ယခုလိုကျင်းပရခြင်းဖြစ်ကြောင်း သင်္ကြန်ဖြစ်မြောက်ရေးဦးဆောင်သူများက နိရဥ္စရာကို ပြောသည်။
မြန်မာနိုင်ငံ၏သင်္ကြန်ကာလဖြစ်သည့် ဧပြီလတွင် အမေရိကန်နိုင်ငံ၌ ဆောင်းရာသီကာလဖြစ်၍ သင်္ကြန်ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။
သို့သော် ရခိုင်ရိုးရာအစဉ်အလာဖြစ်သည့် သင်္ကြန်ရေမကစားမီ ဘုရားရေသပ္ပာယ်ပူဇော်ခြင်းနှင့် ရေသပ္ပာယ်ပူဇော်ရန် နံ့သာသွေးပြိုင်ပွဲကျင်းပခြင်းတို့ကို ဧပြီလတွင် ကျင်းပလေ့ရှိပြီး သင်္ကြန်ရေကစားပွဲတော်ကိုမူ ရာသီဥတုအခြေအနေအရ ယခုမှကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံမှ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များက လူပေါင်း ၅၀၀ မှ ၆၀၀ အထိပါဝင်နွှဲလေ့ရှိပြီး ရခိုင်လူမျိုးအပြင် မြန်မာနိုင်ငံမှ တခြားတိုင်းရင်းသားများနှင့် အမေရိကန်နိုင်ငံသားများလည်း ပါဝင်ဆင်နွှဲလေ့ရှိကြောင်း သိရသည်။ (NN-7)
ဓာတ်ပုံ - အင်ဒီယားနားပိုလိစ်မြို့တွင် ကျင်းပခဲ့သည့် ရခိုင်ရိုးရာသင်္ကြန်ပွဲပုံရိပ်များ။ (Photo - မောင်မြင့်ဇော် USA)

ဆက်စပ် သတင်းများ